You are here

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

Printer-friendly versionSend by email

(၁၀-၉-၂၀၁၂)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-

အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။ ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြား လိုပါတယ်။

 

ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုပြီး ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မယ် လို့လည်း အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ် တာဝန် ပေးခဲ့တာ ဖြစ်ပါတယ်။

 

ယခုလို ရာထူးတွေ တိုးမြှင့်ခန့်အပ်တာဝန်ပေးမှု ခံရခြင်းဟာ မိမိတို့ရဲ့ ကြိုးစားမှု၊ ရိုးသားမှုကြောင့်သာ ဖြစ်ပြီး ကြီးလေးတဲ့ရာထူးတွေ တိုးမြှင့်ရရှိ လာတာနဲ့အမျှ မိမိတို့ ထမ်းဆောင်ကြရမယ့် တာဝန်တွေ ဟာလည်း ပိုမိုပြီး ကြီးမား များပြားလာမှာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြဖို့အတွက် အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝ နေအောင် အမြဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

 

တာဝန်ဆိုတဲ့နေရာမှာ နိုင်ငံတော်ရဲ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေ အပြင် တစ်ဦးချင်း စောင့်ထိန်းရမယ့် တာဝန်တွေ ရှိပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ကျေပွန်ဖို့ အရေးကြီး ပါတယ်။ အဓိကကျတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဟာပြည်ထောင်စုကြီး မပြိုကွဲ မပျက်စီးအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ မပျက်စီးအောင်၊ မိမိတို့ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရေးပဲ ဖြစ်ပါတယ်။

 

မိမိတို့ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ တာဝန်တွေ အောင်မြင်ဖို့ အတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေ ထမ်းဆောင် နေကြတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေ၊  ဆောင်ရွက်ချက်တွေက ဘာတွေလဲ။ ဒါတွေကို တစ်ဦးချင်း နားလည်သိရှိ ထားကြဖို့ လိုပါတယ်။

 

တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင် လုပ်ဆောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်တဲ့အတွက် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက် ကြရာမှာ အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူး သတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့ လိုပါတယ်။ အသိမှန်မှ အလုပ်မှန်မှာ ဖြစ်ပါတယ်။ 

 

ဒီကနေ့ ကျွန်တော်တို့ အစိုးရဟာ သန်း(၆၀)သော ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ရည်မှန်းချက်(၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရင်း နိစ္စဓူဝ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ပဲ ဖြစ်ပြီး ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေကတော့ အလုပ်အကိုင် ရရှိရေး၊ ထိုက်သင့်တဲ့ ဝင်ငွေရရှိရေး၊ စားဝတ်နေမှု အဆင်ပြေရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရေ၊ မီးနဲ့ သွားလာရေး အဆင်ပြေ ကောင်းမွန်ရေးတို့ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီဆန္ဒတွေကို အလေးအနက် ထားရပါမယ်။ အစိုးရရဲ့ ဆောင်ရွက်ချက် မှန်သမျှဟာ ပြည်သူ တွေရဲ့ အဆင်ပြေ ချောမွေ့မှု၊ စိတ်ချလုံခြုံမှု၊ စိတ်ကျေနပ် စိတ်ချမ်းသာမှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေကို အခြေပြုပြီး ဖော်ထုတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ မှာလည်း ပြည်သူတွေကို ဗဟိုပြုပြီး ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ် ပြောင်းလဲ လာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို သိရှိ နားလည်အောင် လုပ်ကြဖို့ လိုပါတယ်။ ပြည်သူတွေအကြားမှာ နေထိုင် ရှင်သန် နေကြရတဲ့ ပြည်သူ့ ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာမြင့်မားတဲ့ အစိုးရ ယန္တရား တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို  ယုံကြည်စွာနဲ့ တာဝန်တွေ အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ အနေနဲ့လည်း လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့်ကို ယုံကြည်စွာနဲ့ တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တစ်ကယ် ထိတွေ့ ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့် အထိ ရောက်ရှိဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရအုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက် မလိုလားအပ်တဲ့ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ လျော့နည်း ပပျောက် သွားစေမှာ ဖြစ်ပါတယ်။

 

ဒီတာဝန်တွေဟာ အလွန်မှ ကြီးမားကျယ်ပြန့် များပြားပြီး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့ လည်း မရနိုင်တဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီတာဝန်တွေ အောင်မြင်ဖို့ အတွက် အစိုးရတစ်ဖွဲ့တည်း အားနဲ့တင် မရဘဲ မိဘပြည်သူတွေပါ ပါဝင်ပြီး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အားကို ရယူနိုင်ဖို့အတွက် ပြည်သူတွေ လေးစား ယုံကြည်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပြည်သူတွေဟာ ကျွန်တော်တို့ အစိုးရအပေါ်မှာ မြင့်မြင့်မားမား မျှော်လင့်ချက် ထားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ ထားရှိတဲ့ မျှော်လင့်ချက်တွေကို အတတ်နိုင်ဆုံး ပြည့်ဝအောင်မြင်လာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ရပ်လုံးက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦးချင်း ကောင်းရုံနဲ့ လည်း မရပါဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ ထားကြရသူများ ဖြစ်ကြတဲ့အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်း ကောင်းအောင်လည်း လုပ်ကြရပါမယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ မိမိတို့ဝန်ကြီးဌာန၊ မိမိတို့အဖွဲ့အစည်း တွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ အဓိက တာဝန်ရှိကြောင်း သတိပြုကြစေ လိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါ၊ ဒို့တာဝန်အရေး(၃) ပါးကို ဦးထိပ်ထားပြီး အလုပ်လုပ်တဲ့ အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့  ဝန်ကြီးဌာနအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစား အကောင်အထည် ဖော်ကြပါ။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေကို သိရှိနားလည်ပြီး အလုပ်ကို ရိုးရိုးသားသားနဲ့ စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင် ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

 

 

Share/Save
www.president-office.gov.mm
This is the official website of Myanmar President Office