ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး



နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ် အဆောက်အဦ ဧည့်ခန်းမသို့ ရောက်ရှိရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က တောင်သူလယ်သမားများ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (Farmer Centered Development) ရည်မှန်းဆောင်ရွက်လျက် ရှိရာတွင် တွက်ခြေကိုက်မည့် မျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ရေး (Seed Production)၊ သိပ္ပံနည်းကျ စိုက်နည်း စနစ်များကို တောင်သူများ လက်ဝယ်ရောက်ရှိရေးအတွက် လေ့ကျင့်ပညာပေးရေး (Training and Education) နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Research and Development) ဟူသည့် အဓိက တာဝန်ကြီး သုံးရပ်ကို လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွဋ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းသန်းနှင့် ဦးခင်ဇော်တို့က ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဆွေးနွေးမှာကြားရာတွင် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများ၏ အဓိက လက်ငင်းလိုအပ်ချက်ဖြစ်သော စျေးကွက်ယှဉ်ပြိုင်နိုင်မည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကို တောင်သူလယ်သမားများ ယုံကြည်စွာ အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ပြန့်စွာ အကောင်အထည်ဖော်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများ၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို တောင်သူများ လက်လှမ်းတမီ ရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် နေပြည်တော် ကောင်စီနယ်မြေတို့ရှိ မြို့နယ်နှင့် ကျေးရွာများတွင် စံနမူနာပြ ပညာပေးစိုက်ကွင်းများ ထူထောင်၍ စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း။
မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် စိုက်ပျိုးရေးနည်းပညာများ လိုအပ်နေမှုကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များက သုတေသနပြု ရှာဖွေတွေ့ရှိချက်များကို တောင်သူ လယ်သမားများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်သည့် ဓာတ်မြေသြဇာနှင့် သွင်းအားစုများ လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက်လည်း လက်တွေ့ကျသည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
အာဆီယံဒေသတွင်း သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်လာနိုင်မည်ဖြစ်ရာ လယ်ယာထွက်ကုန်အပါအဝင် မိမိတို့၏ ထုတ်ကုန်များ စျေးကွက်ယှဉ်ပြိုင်ရမှုမှာ ကြီးမားလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လယ်ယာ ထွက်ကုန်များ အာဆီယံစျေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီး တောင်သူလယ်သမားများ၏ လူနေမှု ဘဝနှင့် ဝင်ငွေတိုးတက်မြင့်မားရေး၊ အနာဂတ်ယုံကြည်ချက် အပြည့်အဝ ရရှိရေး တို့အတွက် စိုက်ပျိုးရေး ပညာရှင်များက လိုအပ်ချက်များကိ ကဏ္ဍအလိုက် ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍပြုပြင် ပြောင်းလဲရေး အောင်မြင်မှုများကို လေ့လာကြပြီး ပညာရှင်များ အနေဖြင့် နိုင်ငံချစ်စိတ်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်လိုစိတ်၊ စိတ်ကောင်းစေတနာမှန်၊ မိမိတတ်မြောက် ကျွမ်းကျင်ထားသည့် ပညာရပ်များအပေါ် ခိုင်မာသော ယုံကြည်မှုနှင့် ဂုဏ်ယူလိုသည့် စိတ်ဓာတ်များဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် အသေးစိတ် ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ ဆန်စပါး၊ ဆီထွက်သီးနှံ၊ ကြံနှင့် အခြားသီးနှံများ၊ ဇီဝနည်းပညာနှင့် ရေအသုံးချမှု စသည့် သုတေသန လုပ်ငန်းများ ပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးသည့် စပါးမျိုးများ ပြခန်း အပင်ဇီဝ နည်းပညာ ဓာတ်ခွဲခန်းနှင့် မျိုးစေ့ဘဏ်တို့ကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည် များကို ဆွေးနွေး မေးမြန်းသည်။
ဆက်လက်၍ သုတေသန စိုက်ကွင်းအတွင်း မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရန်အတွက် A လိုင်း(အမလိုင်း)၊ Bလိုင်း (အဖိုမြုံထိန်းလိုင်း) တို့ကို ဝတ်မှုန်ကူးခြင်း ဆောင်ရွက်နေသော သက်တမ်း (၈၅) ရက်သားရှိ ပုလဲသွယ် စပ်မျိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် လူအားဖြင့် စနစ်တကျ ဝတ်မှုန်ကူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပညာရှင်များက ယခု စိုက်ပျိုးရာသီတွင် ပုလဲသွယ်စပ်မျိုး F1 မျိုးစေ့ထုတ် စိုက်ကွင်းဧက (၁၀၀၀) အတွက် လိုအပ်သော မိဘမျိုးစေ့များကို အောင်မြင်စွာ ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက မြန်မာနိုင်ငံတွင် ထုတ်လုပ်အောင်မြင်ပြီးဖြစ်သည့် တစ်ဧကတင်း (၁၀၀) ကျော် ထွက်ရှိနိုင်သည့် အစေ့ထုတ် ပြောင်းမျိုးစေ့ (၆၀) ကီလိုဂရမ်စီအား စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် စိုက်ပျိုးရေး သိပ္ပံ (ပျဉ်းမနား) တို့တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း သုတေသနပြု ယှဉ်ပြိုင်စိုက်ပျိုးရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသို့ ပေးအပ်ပြီး စိုက်ပျိုးရေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ် သပြေပင် ကျေးရွာ အနီးရှိ တောင်သူပညာပေး တစ်ဆက်တစ်စပ်တည်း (၁၀) ဧက ကြံမျိုးသန့် မျိုးပွား စိုက်ခင်း သို့ရောက်ရှိရာ စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တစ်ဧက ပျမ်းမျှတန် (၆၀) ထွက်ရှိမည့် မျိုးသန့်မျိုးပွား ကြံခင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် လာမည့် စိုက်ပျိုးရေးရာသီတွင် ကြံမျိုးများ တိုးချဲ့ ဖြန့်ဖြူးနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဒုတိယသမ္မတက ကြံတောင်သူများဝင်ငွေ ပိုမိုတိုးတက် ရရှိစေနိုင်မည့် အထွက်ကောင်း ကြံပျိုးပင်များကို ပိုမိုတိုးချဲ့ စိုက်ပျိုးပြီး ဖြန့်ဖြူးပေးရန် မှာကြားခဲ့သည်။


