နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့နှင့် အတူ UNDP မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam တက်ရောက်သည်။
ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ် လက်ထက်၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပိုမို ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားပိုမို ဖွံ့ဖြိုးတိုးတက်ရေး အလေးပေး ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်ဝစေရန် ကြိုးပမ်း ဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့များ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေး ဆောင်ရွက် ပေးနေမှုများ၊ တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် OIC ရှေ့ပြေးအဖွဲ့ စသည့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များအား ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့မှုများ၊ ရခိုင်ပြည်နယ် အတွင်း အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နေမှုများ၊ ဒုက္ခသည်များ၏ လတ်တလော စားဝတ် နေရေး၊ ကျန်းမာရေး၊ မိုးလုံလေလုံ နေထိုင်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှုများ၊ လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို တိုးမြှင့်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြသည်။


