You are here

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့

Printer-friendly versionSend by email

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းဦးစီးအဖွဲ့နှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့

၂၇၅။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဟုခေါ်ဝေါ်ရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း

၂၇၆။

(က)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများဖြစ်ကြသည့် အားလျော်စွာ အဆင့်အတန်း တူညီကြသည်၊

 

(ခ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များ အသီးသီးဖွဲ့စည်းထားရှိသည်။ ယင်းဦးစီးအဖွဲ့များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား ၃ အရ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေး အာဏာကို ကျင့်သုံးသည်၊

 

(ဂ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁ဝ ဦး ပါဝင် စေရမည်၊

 

(ဃ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –

 

 

(၁)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ  မြို့နယ်များမှ ရွေးကောက် တင်မြှောက် ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊

 

 

(၂)

လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာ တာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့်   တပ်မတော်သားကိုယ်စားလှယ်များ၊

 

 

(၃)

ပုဒ်မခွဲငယ်  (၁)  နှင့်  (၂)  ပါ  ပုဂ္ဂိုလ်များက  ရွေးချယ်ဖြည့်စွက် ခန့်ထားသည့် ကိုယ်စားလှယ်များ။

 

(င)

ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည်  မိမိတို့ အချင်းချင်း ညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များမှ ရွေးကောက် တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ်များအနက်  သင့်လျော်သူ တစ်ဦးအား  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံတင်ပြရမည်၊

 

(စ)

နိုင်ငံတော်သမ္မတသည်  အမည်စာရင်း တင်သွင်းလာသည့်  ပုဂ္ဂိုလ်အား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊

 

(ဆ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ အနက် ခန့်အပ်သည့်နည်းလမ်းမှလွဲ၍  ကျန်ပြဋ္ဌာန်းချက်များသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့်သက်ဆိုင်စေရမည်၊

 

(ဇ)

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် –

 

 

(၁)

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းနေထိုင်ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ  ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့်  လူဦးရေ အနည်းဆုံး ၁ဝဝဝဝ  နှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရမည်။ ယင်းသို့ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီး အဖွဲ့ဝင်သည် ပုဒ်မ ၁၆၉ ပါတိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်၊

 

 

(၂)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁ဝ ဦး မပြည့်သေးပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁ဝ ဦး ပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင်ဦးရေကို  သက်ဆိုင်ရာ  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်သူများထဲမှ ပုဒ်မ၁၆၉ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့်  အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်  ပုဂ္ဂိုလ်များအား  မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ် ဖြည့်စွက်ခန့်ထားရမည်။

 

(ဈ)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့်  ဦးစီးအဖွဲ့ဝင်ဦးရေကို  တပ်မတော်သားများဖြင့် လိုအပ်သလို ဖြည့်စွက် တာဝန် ပေးနိုင်သည်၊

 

(ည)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ  အမည်စာရင်းတင်သွင်းသည့်  တပ်မတော်သားများသည် တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့် ပြည့်စုံရမည်၊

 

(ဋ)

(၁)

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် များ၏အမည်စာရင်းကို ကြေညာရမည်၊

 

 

(၂)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည်  သက်ဆိုင်ရာ  တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်၊

 

 

(၃)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ဥက္ကဋ္ဌအား တာဝန်ခံရမည်၊

 

 

(၄)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့နှင့်ပတ်သက်၍  ရာထူး သက်တမ်း သတ်မှတ်ခြင်း၊  အရေးယူခြင်း၊  ရာထူးမှနုတ်ထွက်ခြင်း၊  တာဝန်မှ ရပ်စဲခြင်း၊ လစ်လပ်ရာထူး နေရာများတွင် ဖြည့်စွက်ခန့်ထားခြင်းတို့ အတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ်ပေးရမည်။

 

(ဌ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ပေးရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏  အုပ်ချုပ်မှုအခွင့်အာဏာ

၂၇၇။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့၏  ကိုယ်ပိုင် အုပ်ချုပ်မှု အာဏာသည် အောက်ပါကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည် –

 

(က)

ဇယား  ၃  ပါ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ဥပဒေပြုခွင့် ရှိသည့် ကိစ္စရပ်များ၊

 

(ခ)

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်  ဥပဒေတစ်ရပ်ရပ်အရ  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့အားဆောင်ရွက်ခွင့်ပြုသည့်ကိစ္စရပ်များ၊

 

(ဂ)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့  သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များ။

၂၇၈။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်။

၂၇၉။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့  သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် -

 

(က)

ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရနှင့် ညှိနှိုင်းထားရှိရမည်၊

 

(ခ)

နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲလျက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်၊

 

(ဂ)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေပါ မိမိနှင့်သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာငွေ ကို သတ်မှတ် ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်၊

 

(ဃ)

ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြင်း မပြုနိုင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ်အစိုးရထံမှ  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခွင့်ပြုချက် ကို အချိန်မီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ခွင့်ပြုထားသည့် သာမန်အသုံးစရိတ်ဘောင် အတွင်း သုံးစွဲခွင့်ရှိသည်။

၂၈ဝ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းပြုနိုင်သည်။

၂၈၁။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံသို့ တင်ပြရမည်။

၂၈၂။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက အခါအားလျော်စွာပေးအပ်လာသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး

၂၈၃။

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြီးအမှူးသည် ရာထူး အလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ ထို့ပြင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးလည်း ဖြစ်သည်။

ပြည်ထောင်စုနယ်မြေဖြစ်သည့်  နေပြည်တော်အုပ်ချုပ်ရေး

၂၈၄။

(က)

ပြည်ထောင်စုနယ်မြေဖြစ်သည့်  နေပြည်တော်တွင်  ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်သည့်နေ့၌ တည်ရှိနေသော  နေပြည်တော် စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များ အားလုံးပါဝင်သည်၊

 

(ခ)

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော် အတွင်းရှိခရိုင်နှင့်မြို့နယ်များကို လိုအပ်သလို ပြင်ဆင် သတ်မှတ်နိုင်သည်။

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office