You are here

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စုအစိုးရအဖွဲ့

Printer-friendly versionSend by email

၂၁၉။   ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်း စောင့်ရှောက်သည်။

၂၂ဝ။   ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒ များနှင့်အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၂၂၁။     ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို အခြေပြုလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူရမည်။

၂၂၂။     ပြည်ထောင်စုအစိုးရသည် မိမိတင်သွင်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။

၂၂၃။     ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်သည်။

၂၂၄။   ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။

၂၂၅။     ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့က လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကလည်းကောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက် အောင်မြင်မှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။

၂၂၆။     ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုများ မှအပ –

 

(က)

တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ် အချင်းချင်း၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်း ပြုသည်၊

 

( ခ )

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ပြည်ထောင်စု နယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင်အဆုံးအဖြတ်ပေးခြင်းပြုသည်။

၂၂၇။     ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ -

 

(က)

ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်၊

 

(ခ)

လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၂၂၈။     ပြည်ထောင်စုအစိုးရသည် –

 

(က)

ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရမည်။ မိမိ၏အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် အစီရင်ခံရမည်၊

 

( ခ )

နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office