ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
|
၃၄၅။ အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် - |
||||||
|
|
(က) |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ |
||||
|
|
( ခ ) |
ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။ |
||||
|
၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ |
||||||
|
၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ |
||||||
|
၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။ |
||||||
|
၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်တူညီသော အခွင့်အလမ်းရရှိစေရမည် - |
||||||
|
|
(က) |
ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ |
||||
|
|
(ခ ) |
အလုပ်လုပ်ကိုင်မှု၊ |
||||
|
|
(ဂ ) |
ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊ |
||||
|
|
(ဃ) |
စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ |
||||
|
|
(င ) |
အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ |
||||
|
|
(စ ) |
ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။ |
||||
|
၃၅ဝ။ အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကို ခံစားခွင့်ရှိသည်။ |
||||||
|
၃၅၁။ မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။ |
||||||
|
၃၅၂။နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူး တာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။ |
||||||
|
၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။ |
||||||
|
၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည် - |
||||||
|
|
(က) |
မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ |
||||
|
|
(ခ ) |
လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ |
||||
|
|
(ဂ ) |
အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ |
||||
|
|
(ဃ) |
တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။ |
||||
|
၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့် ရှိသည်။ |
||||||
|
၃၅၆။နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။ |
||||||
|
၃၅၇။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရကာကွယ်ပေးရမည်။ |
||||||
|
၃၅၈။ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ |
||||||
|
၃၅၉။ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။ |
||||||
|
၃၆ဝ။ |
(က) |
ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊ |
||||
|
|
( ခ ) |
ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ဥပဒေပြုခြင်းကို မတားမြစ်ရ။ |
||||
|
၃၆၁။နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ |
||||||
|
၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ် ပြုသည်။ |
||||||
|
၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။ |
||||||
|
၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေး ကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဋ္ဌာန်းနိုင်သည်။ |
||||||
|
၃၆၅။ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့်ဓလေ့ ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ် ရမည်။ ထို့ပြင် မိမိတို့၏ ဆောင်ရွက်မှုသည် အခြား တိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများ အချင်းချင်းညှိနှိုင်း၍ ပြေလည်မှု ရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။ |
||||||
|
၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ - |
||||||
|
|
(က) |
ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ |
||||
|
|
(ခ ) |
ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊ |
||||
|
|
(ဂ ) |
သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှု ကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်။ |
||||
|
၃၆၇။နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။ |
||||||
|
၃၆၈။ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက် ထောက်ပံ့မည်။ |
||||||
|
၃၆၉။ |
(က) |
နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊ |
||||
|
|
(ခ ) |
သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။ |
||||
|
၃၇ဝ။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ရှိသည်။ |
||||||
|
၃၇၁။ နိုင်ငံတော်သည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။ |
||||||
|
၃၇၂။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက် ရာတွင်ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ |
||||||
|
၃၇၃။ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ် လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှား စီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။ |
||||||
|
၃၇၄။ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသောတရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှ အပြီးအပြတ်လွှတ်ခြင်း ခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှုထင်ရှားစီရင်သည့်စီရင်ချက် သို့မဟုတ် အမှုမှအပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို အဆင့်မြင့် တရားရုံးက ပယ်ဖျက်ပြီး အမှုကိုအသစ်တစ်ဖန် ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါ မှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။ |
||||||
|
၃၇၅။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရှိစေရမည်။ |
||||||
|
၃၇၆။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင် ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ။ |
||||||
|
၃၇၇။ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိရမည်။ |
||||||
|
၃၇၈။ |
(က) |
ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့်စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့် ပေးခွင့်အာဏာရှိရမည် - |
||||
|
|
|
(၁) |
ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ |
|||
|
|
|
(၂) |
အာဏာပေးစာချွန်တော်အမိန့်၊ |
|||
|
|
|
(၃) |
တားမြစ်စေစာချွန်တော်အမိန့်၊ |
|||
|
|
|
(၄) |
အာဏာပိုင်မေးစာချွန်တော်အမိန့်၊ |
|||
|
|
|
(၅) |
အမှုခေါ်စာချွန်တော်အမိန့်။ |
|||
|
|
(ခ) |
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့်စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့်အာဏာသည် အခြားတရားရုံး များအား တည်ဆဲ ဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုး သက်ရောက်သည့် အမိန့်ထုတ်ဆင့် ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။ |
||||
|
၃၇၉။ အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများ တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်း မပြုရ - |
||||||
|
|
(က) |
စစ်မက်ဖြစ်ပွားချိန်၊ |
||||
|
|
( ခ ) |
တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ |
||||
|
|
( ဂ ) |
ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်။ |
||||
|
၃၈ဝ။ နိုင်ငံခြားတိုင်းတစ်ပါးနှင့်ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်။ |
||||||
|
၃၈၁။ အောက်ဖော်ပြပါ အခြေအနေနှင့်အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင် ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ - |
||||||
|
|
(က) |
တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ |
||||
|
|
( ခ ) |
ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊ |
||||
|
|
( ဂ ) |
အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်။ |
||||
|
၃၈၂။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသောတပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေဝပ်မှုများရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုရမည်။ |
||||||
|
၃၈၃။ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည် - |
||||||
|
|
(က) |
ပြည်ထောင်စုမပြိုကွဲရေး၊ |
||||
|
|
( ခ ) |
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ |
||||
|
|
( ဂ ) |
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။ |
||||
|
၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်။ |
||||||
|
၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ |
||||||
|
၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်။ |
||||||
|
၃၈၇။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ |
||||||
|
၃၈၈။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ |
||||||
|
၃၈၉။ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။ |
||||||
|
၃၉ဝ။ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည် - |
||||||
|
|
(က) |
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ |
||||
|
|
(ခ) |
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ |
||||
|
|
(ဂ) |
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ |
||||
|
|
(ဃ) |
အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။ |
||||


