ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ
(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ရက်
(၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
|
၁။ |
ဤဥပဒေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေဟု ခေါ်တွင်စေရမည်။ |
|||
|
၂။ |
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်- |
|||
|
|
(က) |
ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့် အပင် အမျိုးမျိုး တို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက် များကို လည်းကောင်း ဆိုသည်။ |
||
|
|
( ခ ) |
ပတ်ဝန်းကျင်အရည်အသွေး ဆိုသည်မှာ သဘာဝနှင့်လူသားများ ရေရှည်တည်တံ့ရေး အကျိုးငှာ တိရစ္ဆာန်၊ အပင်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များအပြင် လူတို့ဖန်တီးပြုလုပ်ထားသော ပစ္စည်းများ ပါဝင်သည့် သဘာဝ၏ ဟန်ချက်ညီမှုကို ဆိုသည်။ |
||
|
|
(ဂ ) |
ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်း ဆိုသည်မှာ ပတ်ဝန်းကျင် အရည်အသွေးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအလို့ငှာ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများအတွက် ယေဘုယျအရည်အသွေး သတ်မှတ်ချက် ကို ဆိုသည်။ |
||
|
|
(ဃ) |
ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်မှု ဆိုသည်မှာ အောက်ပါတို့ကို သတ်မှတ်ရန် အချိန်ကာလအပိုင်းအခြားအလိုက် စနစ်တကျ မှတ်တမ်းပြုလုပ်၍ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ခြင်းကို ဆိုသည်- |
||
|
|
|
(၁) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွပ်ကဲမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုအခြေအနေ၊ |
|
|
|
|
(၂) |
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၊ |
|
|
|
|
(၃) |
အဆောက်အအုံ၊ မြေနေရာနှင့် ဥပစာများတွင် ဖြစ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်အမျိုးမျိုး။ |
|
|
|
(င ) |
ညစ်ညမ်းမှု ဆိုသည်မှာ ပတ်ဝန်းကျင်ကို အကျိုးရှိစွာအသုံးပြုခြင်းအား ထိခိုက်စေရန် သော်လည်းကောင်း၊ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ဖြစ်စေ၊ တိရစ္ဆာန်နှင့်အပင်များကိုဖြစ်စေ ထိခိုက်စေရန်သော် လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပေးထားသော ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းချက်၊ ကန့်သတ်ချက် သို့မဟုတ် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ သော်လည်းကောင်း ပတ်ဝန်းကျင် ဆိုင်ရာ ဘေးအန္တရာယ်ရှိပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများ သို့မဟုတ် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် စုပုံခြင်းဖြင့် မြေထု၊ ရေထု၊ လေထုအပါအဝင် ပတ်ဝန်းကျင် အစိတ်အပိုင်းတစ်ရပ်ရပ်၏ ရုပ်ပိုင်းဆိုင်ရာ၊ အပူဓာတ်ဆိုင်ရာ၊ ဓာတုဆိုင်ရာ သို့မဟုတ် သက်ရှိဇီဝဆိုင်ရာ ဂုဏ်သတ္တိများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောင်းလဲစေမှု၊ သက်ရောက်စေမှုတစ်ရပ်ရပ်ကို ဆိုသည်။ |
||
|
|
( စ ) |
အသံညစ်ညမ်းမှု ဆိုသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စေသော၊ ပင်ပန်းနွမ်းနယ်မှုဖြစ်စေသော၊ အကြားအာရုံ ဆုံးရှုံးမှုဖြစ်ပေါ်စေသော သို့မဟုတ် အခြားအသံခံစားမှုကို အနှောင့်အယှက် ဖြစ်စေသော အသံအတိုင်းအတာ တစ်ရပ်ဖြစ်ပေါ်နေမှုကို ဆိုသည်။ |
||
|
|
(ဆ) |
ညစ်ညမ်းပစ္စည်း ဆိုသည်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်ဝန်းကျင်အစိတ်အပိုင်း သို့မဟုတ် အခြေခံတစ်ရပ်ရပ်ကို အကျိုးရှိစွာ အသုံးပြုခြင်းအား ထိခိုက်စေရန် အရည်အသွေး ပြောင်းလဲစေသည့် သို့မဟုတ် ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်သည့် သို့မဟုတ် ဖြစ်စေနိုင် သည့် သို့မဟုတ် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့် အစိုင်အခဲ၊ အရည် သို့မဟုတ် အခိုးအငွေ့ကို ဆိုသည်။ |
||
|
|
( ဇ ) |
စွန့်ပစ်ပစ္စည်း ဆိုရာတွင် ပတ်ဝန်းကျင်၌ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ပစ္စည်းပမာဏ၊ ဖွဲ့စည်းမှု သို့မဟုတ် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပတ်ဝန်းကျင်တွင် စွန့်ပစ်သည့်၊ ထုတ်လွှတ်သည့် သို့မဟုတ် စုပုံသည့် ရေဒီယိုသတ္တြွိကပစ္စည်းအပါအဝင် အစိုင်အခဲ၊ အရည်၊ အခိုးအငွေ့အပြင် ဤဥပဒေနှင့်အညီ စွန့်ပစ်ပစ္စည်းဖြစ်သည်ဟု သတ်မှတ်ထားသော အရာတစ်ခုခုလည်း ပါဝင်သည်။ |
||
|
|
(ဈ) |
ဘေးအန္တရာယ်ရှိပစ္စည်း ဆိုသည်မှာ ဓာတုပစ္စည်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ၊ တိရစ္ဆာန်၊ အပင်၊ ပစ္စည်း သို့မဟုတ် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ပေါက်ကွဲစေတတ်သောပစ္စည်း၊ ဇီဝလက်နက် အဖြစ် ဖန်တီးအသုံးပြုနိုင်သောပစ္စည်း၊ နျူကလီးယား လက်နက်အဖြစ် အသုံးပြုနိုင်သောပစ္စည်း၊ မီးလောင်စေတတ်သော ပစ္စည်း၊ အောက်ဆီဂျင်ဖြင့် ဓာတ်ပြုစေတတ်သောပစ္စည်း၊ အဆိပ် အတောက်ဖြစ်စေ တတ်သော ပစ္စည်း၊ ရောဂါဖြစ်ပွားစေတတ်သော ပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်း၊ မျိုးရိုးဗီဇပြောင်းလဲစေတတ်သော ပစ္စည်း၊ စားလောင် စေတတ်သောပစ္စည်း၊ ယားယံရောင်ရမ်းစေခြင်း အပါအဝင် ကျန်းမာရေးကို ထိခိုက်စေတတ်သောပစ္စည်း သို့မဟုတ် အရာဝတ္ထုကို ဆိုသည်။ |
||
|
|
(ည) |
အကျိုးရှိစွာ အသုံးပြုခြင်း ဆိုသည်မှာ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ဖြစ်ပေါ်စေ နိုင်ရန် စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများ၊ ထုတ်လွှတ်ပစ္စည်းများနှင့် စုပုံပစ္စည်းများ၏ ဆိုးကျိုးသက်ရောက်မှုမှ လိုအပ်သော ကာကွယ်မှုများ ပြုလုပ်၍ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ပတ်ဝန်းကျင်အခြေခံတစ်ရပ်ရပ်ကို ဖြစ်စေ၊ အစိတ်အပိုင်းတစ်ရပ်ရပ်ကိုဖြစ်စေ အသုံးပြုခြင်းကိုဆိုသည်။ |
||
|
|
(ဋ ) |
ပိုမိုသန့်ရှင်းစွာ ထုတ်လုပ်မှု ဆိုသည်မှာ သယံဇာတအရင်းအမြစ် အသုံးချမှု ပိုမိုထိရောက်စေရေး၊ စွန့်ပစ်ပစ္စည်း၊ ရေဆိုးနှင့် ထုတ်လွှတ်အခိုးအငွေ့ များ အနည်းဆုံးဖြစ်စေရေး၊ ကောင်းမွန်သန့်ရှင်းသော သဘာဝနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရှိရေးတို့အတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ထုတ်လုပ်သည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာများဖြင့် စဉ်ဆက်မပြတ် အသုံးချဆောင်ရွက်ခြင်းကိုဆိုသည်။ |
||
|
|
(ဌ ) |
ထိန်းချုပ်ရေးပစ္စည်းကိရိယာ ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်- |
||
|
|
|
(၁) |
စွန့်ပစ်ပစ္စည်းသိမ်းဆည်းသည့် ကိရိယာတန်ဆာပလာတစ်ခုခု၊ |
|
|
|
|
(၂) |
ပစ္စည်းကိရိယာတစ်ခုခုကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် အသုံးပြုနိုင်သည့် အလိုအလျောက် ကိရိယာတစ်ခုခု၊ |
|
|
|
|
(၃) |
ညစ်ညမ်းမှုကိုညွှန်ပြသည့်၊ မှတ်တမ်းတင်သည့် သို့မဟုတ် အလွန်အမင်းညစ်ညမ်းမှုကို သတိပေး အချက်ပြသည့် ကိရိယာ တစ်ခုခု၊ |
|
|
|
|
(၄) |
ညစ်ညမ်းမှုကို ကန့်သတ်ရန်အလို့ငှာ အသုံးပြုသည့် အခြားကိရိယာ သို့မဟုတ် အထောက်အကူပြုသည့် ပစ္စည်းတစ်ခုခု။ |
|
|
|
(ဍ ) |
ဂေဟစနစ် ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်ကို ဆိုသည်။ |
||
|
|
(ဎ ) |
ပိုင်ရှင် ဆိုသည်မှာ အဆောက်အအုံ၊ မြေနေရာ သို့မဟုတ် ယာဉ်တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ၊ လုပ်ငန်းရှင်၊ တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်သူ၊ အငှားချသူ သို့မဟုတ် ပစ္စည်းထိန်းသော်လည်းကောင်း၊ ယင်းပုဂ္ဂိုလ် တစ်ဦးဦး၏ အမွေဆက်ခံသူ၊ ယုံမှတ်အပ်နှံခံရသူ သို့မဟုတ် ကိုယ်စားလှယ်သော်လည်းကောင်း ဆိုသည်။ |
||
|
|
(ဏ) |
လက်ရှိဖြစ်သူ ဆိုသည်မှာ အဆောက်အအုံ၊ မြေနေရာတစ်ခုခုကို သော်လည်းကောင်း၊ ယင်း၏ အစိတ်အပိုင်း တစ်ခုခုကိုသော်လည်းကောင်း၊ ယာဉ်တစ်မျိုးမျိုးကိုသော်လည်းကောင်း လက်ရှိဖြစ်သူ သို့မဟုတ် ကြီးကြပ် ကွပ်ကဲသူတစ်ဦးဦးကို ဆိုသည်။ |
||
|
|
(တ) |
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုလုပ်မှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ဘေးအန္တရာယ် သို့မဟုတ် ညစ်ညမ်းမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်း မပြုပါက အများပြည်သူအား ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို သော်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုသော်လည်းကောင်း ထိပါးစေနိုင်သည့် အခြေအနေကို ဆိုသည်။ |
||
|
|
(ထ) |
ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီကို ဆိုသည်။ |
||
|
|
( ဒ) |
ဝန်ကြီးဌာန ဆိုသည်မှာ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနကို ဆိုသည်။ |
||
|
|
(ဓ ) |
ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် သက်ဆိုင်ရာ ဦးစီးဌာနကိုဆိုသည်။ |
||
အခန်း(၂)
ရည်ရွယ်ချက်များ
|
၃။ |
ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
|
|
(က) |
မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ |
|
|
(ခ) |
စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ စနစ်တကျ ပေါင်းစပ် ဆောင်ရွက်ရန် အလို့ငှာ အခြေခံမူများချမှတ်နိုင်ရန်နှင့် လမ်းညွှန်မှုများပြုနိုင်ရန်၊ |
|
|
( ဂ) |
ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန်ပြီး သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်နှင့် သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ |
|
|
(ဃ) |
ဆုတ်ယုတ် ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှ ပြန်လည်ဖော်ထုတ်ရန်၊ |
|
|
( င) |
သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံ ဆောင်ရွက်နိုင်ရန်၊ |
|
|
(စ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် ပြန့်ပွားရေးအတွက် ပညာပေးရေးနှင့် ပညာသင်ကြားရေး အစီအစဉ်များကို အများ ပြည်သူတို့သိရှိပြီး ပူးပေါင်းပါဝင်မှု ပိုမိုတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ |
|
|
(ဆ) |
ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်၊ |
|
|
(ဇ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်။ |
အခန်း (၃)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းခြင်း
|
၄။ |
(က) |
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးသည့် ပြည်ထောင်စုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သင့်လျော်သောအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းရမည်။ |
|
|
(ခ) |
အဖွဲ့ကိုဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးရမည်။ |
|
|
(ဂ) |
ပြည်ထောင်စုအစိုးရအဖွဲ့သည် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ |
|
၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းပေးရမည်။ |
||
|
၆။ ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
||
|
|
(က) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးစည်းရုံးမှုများနှင့် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ |
|
|
(ခ) |
ကျောင်းသင်ခန်းစာများတွင်ပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်ခန်းစာများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်ရန် အကြံပြုခြင်း၊ |
|
|
(ဂ) |
ပြည်တွင်းပြည်ပမှ အလှူငွေ၊ ထောက်ပံ့ငွေ၊ ပစ္စည်းများနှင့် နည်းပညာ ဆိုင်ရာ အကူအညီများ လက်ခံရယူခြင်း၊ ယင်းငွေနှင့် ပစ္စည်းများ၊ နည်းပညာများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် လိုအပ်သလို စီမံခန့်ခွဲအသုံးပြုခြင်း၊ |
|
|
(ဃ) |
သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင့်လျော်သည့် အကြံပြုချက် များနှင့် တိုက်တွန်းချက်များ ပေးပို့ခြင်း၊ |
|
|
(င) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက် လိုအပ်သောအဆိုပြုချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့ အစည်းများထံမှ တောင်းခံခြင်း၊ |
|
|
(စ) |
ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျှင်သော်လည်း ကောင်း၊ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများ ဖြစ်ပေါ်လျှင် သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများအား တားမြစ်ခြင်းနှင့် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒ တောင်းခံခြင်း၊ |
|
|
(ဆ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒများနှင့် အခြားပတ်ဝန်းကျင် ဆိုင်ရာမူဝါဒများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း။ |
အခန်း(၄)
ဝန်ကြီးဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
|
၇။ ဝန်ကြီးဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
||
|
|
(က) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ |
|
|
(ခ) |
ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်းလုံးနှင့် ဆိုင်သော လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒေသဆိုင်ရာ လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း ရေးဆွဲချမှတ်ခြင်း၊ |
|
|
(ဂ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက်လည်းကောင်း၊ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုမဖြစ်စေရန် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် လျော့နည်းပပျောက်ရေးတို့အတွက်လည်းကောင်း အစီအစဉ်များကို ချမှတ်ခြင်း၊ ဆောင်ရွက်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ |
|
|
(ဃ) |
ပတ်ဝန်းကျင်အရည်အသွေး ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက် ထုတ်လွှတ်အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့် စွန့်ထုတ်အစိုင် အခဲများ၊ ကုန်ထုတ်လုပ်မှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် ထွက်ကုန်များ၏ စံချိန်စံညွှန်းများအပါအဝင် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ |
|
|
(င) |
ပတ်ဝန်းကျင်နှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များ၊ လမ်းညွှန်ချက်များအပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသော သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေသော စီးပွားရေးဆိုင်ရာ ဆွဲဆောင်မှုနည်းလမ်းများနှင့် စည်းကမ်းချက်များအတွက် အဆိုပြုချက်များကို ကော်မတီသို့တင်ပြခြင်း၊ |
|
|
(စ) |
ပတ်ဝန်းကျင်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရန် အထောက်အကူပေး ခြင်းနှင့် လိုအပ်ပါက ယင်းအငြင်းပွားမှုများကို ညှိနှိုင်းပေးရန် အဖွဲ့ အစည်းများ ဖွဲ့စည်းခြင်း၊ |
|
|
(ဆ) |
စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဓာတ်သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်း၊ အညစ်အကြေး စွန့်ပစ်ရေး လုပ်ငန်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတုပစ္စည်း သို့မဟုတ် အခြားဘေးအန္တရာယ်ရှိ သည့် ပစ္စည်းများထုတ်လုပ်သုံးစွဲရာမှ ထွက်ရှိလာနိုင်သော စွန့်ပစ်သည့် ဘေးအန္တရာယ်ရှိပစ္စည်း၏ အမျိုးအစားနှင့် အတန်းအစားများကို သတ်မှတ်ခြင်း၊ |
|
|
(ဇ) |
ပတ်ဝန်းကျင်ကို လက်ငင်း၊ ရေတိုရေရှည်တွင် သိသာထင်ရှားစွာ ထိခိုက်စေနိုင်သော ဘေးအန္တရာယ်ရှိ ပစ္စည်း အမျိုးအစားများ သတ်မှတ်ခြင်း၊ |
|
|
(ဈ) |
အဆိပ်အတောက်နှင့် ဘေးအန္တရာယ်ရှိ ပစ္စည်းများပါဝင်သည့် စွန့်ပစ်အစိုင်အခဲ၊ စွန့်ပစ်အရည်၊ ထုတ်လွှတ် အခိုးအငွေ့ပစ္စည်းများအား ပြုပြင် သန့်စင်ရေးအတွက် လိုအပ်သည့် စက်ရုံများ၊ စခန်းများ တည်ထောင် ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ |
|
|
(ည) |
စက်မှုနယ်မြေများနှင့် အခြားလိုအပ်သောနေရာ၊ အဆောက်အအုံများတွင် စွန့်ပစ်ရေသန့်စင်မှုဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း၊ စက်၊ ယာဉ်၊ ယန္တရားများက ထုတ်လွှတ်မှုဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း၊ |
|
|
(ဋ) |
ပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်း သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ၊ အစီအစဉ် များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
|
|
(ဌ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေး တို့အတွက် မြန်မာနိုင်ငံက လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်း သဘောတူညီချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ကဖြစ်စေ၊ ကော်မတီကဖြစ်စေ ချမှတ်သည့် လမ်းညွှန်ချက် များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
|
|
(ဍ) |
အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်မည့်စီမံချက် သို့မဟုတ် လုပ်ဆောင်မှုသည် ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်သည့် စနစ်နှင့် လူမှုရေးအရ ထိခိုက်မှုဆန်းစစ်သည့် စနစ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်စေခြင်း၊ |
|
|
(ဎ) |
အိုဇုန်းလွှာကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ အဏ္ဏဝါ ကမ်းခြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကိုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေး၊ သဲကန္တာရ ဖြစ်ပေါ်မှုတိုက်ဖျက်ရေး၊ ပျက်စီးရန် မလွယ်ကူသော ညစ်ညမ်းပစ္စည်းများကို စီမံခန့်ခွဲရေးနှင့် အခြား ပတ်ဝန်းကျင် ရေးရာကိစ္စများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး၊ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ |
|
|
(ဏ) |
ပတ်ဝန်းကျင်ထိခိုက်မှုတွင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသူက ပေးလျော်စေရန်၊ သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုစနစ်မှ အကျိုးအမြတ် ရရှိသည့် အဖွဲ့အစည်းများက ရန်ပုံငွေထည့်ဝင်စေရန်၊ သဘာဝသယံဇာတ များ ထုတ်ယူရောင်းဝယ်သုံးစွဲသည့်လုပ်ငန်းများမှ အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ထည့်ဝင်စေရန် စီမံခန့်ခွဲခြင်း၊ |
|
|
(တ) |
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။ |
|
၈။ ဝန်ကြီးဌာနသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ရငွေအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံတော်၏ ငွေစာရင်းတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ရန်ပုံငွေတစ်ရပ်ကို တည်ထောင်ရမည်။ |
||
အခန်း(၅)
ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ
|
၉။ |
(က) |
ကော်မတီသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခုတွင် သော်လည်းကောင်း၊ နယ်မြေတစ်ခုခုတွင်သော်လည်းကောင်း ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ် ပေါ်ပေါက်ကြောင်း သို့မဟုတ် ထိုသို့ပေါ်ပေါက် နိုင်ကြောင်းသိရှိလျှင် ယင်းသို့ အခြေအနေတစ်ရပ် ပေါ်ပေါက်ကြောင်း ထုတ်ပြန်ကြေညာနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ချက်ချင်း တင်ပြရမည်။ |
|
|
(ခ) |
ကော်မတီ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေနှင့် စပ်လျဉ်း၍ လိုအပ်သည် များကို ဆောင်ရွက်ရမည်။ |
အခန်း(၆)
ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများ
|
၁ဝ။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီ၏ သဘောတူညီချက်ဖြင့် အောက်ပါပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်း များကို သတ်မှတ်နိုင်သည်- |
||
|
|
(က) |
မြစ်၊ ချောင်း၊ တူးမြောင်း၊ စိမ့်စမ်းအင်းအိုင်၊ နွံတော၊ ကန်၊ ရေလှောင်တမံနှင့် အများပြည်သူဆိုင်ရာ အခြားကုန်းတွင်းရေ ရရှိနိုင်သည့် နေရာများတွင် အသုံးချမှုအလိုက် ဆီလျော်သည့် မြေပေါ်ရေ အရည်အသွေး စံချိန်စံညွှန်း များ၊ |
|
|
( ခ) |
ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝဒေသများအတွက် ရေအရည်အသွေး စံချိန်စံညွှန်းများ၊ |
|
|
(ဂ) |
မြေအောက် ရေအရည်အသွေး စံချိန်စံညွှန်းများ၊ |
|
|
(ဃ) |
လေထုအရည်အသွေး စံချိန်စံညွှန်းများ၊ |
|
|
( င) |
အသံနှင့်တုန်ခါမှု စံချိန်စံညွှန်းများ၊ |
|
|
(စ) |
ထုတ်လွှတ်အခိုးအငွေ့ စံချိန်စံညွှန်းများ၊ |
|
|
(ဆ) |
စွန့်ထုတ်အရည် စံချိန်စံညွှန်းများ၊ |
|
|
( ဇ) |
စွန့်ထုတ်အစိုင်အခဲ စံချိန်စံညွှန်းများ၊ |
|
|
( ဈ) |
ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် အခြားပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ။ |
|
၁၁။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီ၏ သဘော တူညီချက် ဖြင့် သိပ္ပံနှင့်နည်းပညာ တိုးတက်မှုများနှင့်အညီ သော်လည်းကောင်း၊ လုပ်ငန်းလိုအပ်ချက် အရသော်လည်းကောင်း ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများကို အချိန်ကာလနှင့် နေရာဒေသအလိုက် အများပြည်သူအကျိုးငှာ ဖြည့်စွက်ပြင်ဆင် သတ်မှတ်နိုင်သည်။ |
||
|
၁၂။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်သည့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းသည် ဝန်ကြီးဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းထက် ပိုမိုပါက ဆက်လက်အတည် ဖြစ်စေရမည်ဖြစ်ပြီး ယင်းစံချိန်စံညွှန်း အောက်လျော့နည်းပါက ဝန်ကြီးဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းကသာလျှင် အတည်ဖြစ်စေရမည်။ |
||
အခန်း(၇)
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
|
၁၃။ ဝန်ကြီးဌာနသည် ကော်မတီ၏ လမ်းညွှန်ချက်အရ အောက်ပါလုပ်ငန်း ကိစ္စရပ် များတွင် မိမိဝန်ကြီးဌာန ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ဖြစ်စေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဘက်စုံစောင့်ကြပ် ကြည့်ရှုစစ်ဆေးရေး စနစ်ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်- |
||
|
|
(က) |
ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေမည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုပစ္စည်းများကို အသုံးပြုခြင်း၊ |
|
|
(ခ) |
စက်မှုလုပ်ငန်းများတွင် ညစ်ညမ်းပစ္စည်း၊ ဘေးအန္တရာယ်ရှိပစ္စည်း များ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်း၊ |
|
|
(ဂ) |
သတ္တု၊ စက်မှုတွင်းထွက်ကုန်ကြမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်သန့်စင်ခြင်းလုပ်ငန်းများမှ ထွက်ပေါ် လာသော စွန့်ပစ်ပစ္စည်း များကို စွန့်ပစ်ခြင်း၊ |
|
|
(ဃ) |
အညစ်အကြေးစွန့်ပစ်ရေးနှင့် သန့်စင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
|
|
(င) |
ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
|
|
(စ) |
အခြားလိုအပ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ခြင်း။ |
|
၁၄။ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသူသည် ပတ်ဝန်းကျင်တွင်ညစ်ညမ်းမှုကို ဖြစ်စေသည့် ပစ္စည်းများကို သတ်မှတ်ထားသည့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချက်များအတိုင်း သန့်စင်ခြင်း၊ ထုတ်လွှတ်ခြင်း၊ စွန့်ပစ်ခြင်းနှင့် စုပုံခြင်းများ ပြုလုပ်ရမည်။ |
||
|
၁၅။ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသည့်လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် နေရာ တစ်ခုခု၏ ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို စောင့်ကြပ်ကြည့်ရှုရန်၊ ထိန်းချုပ်ရန်၊ စီမံခန့်ခွဲရန်၊ လျှော့ချရန် သို့မဟုတ် ပပျောက်စေရန် လုပ်ငန်းခွင် အထောက်အကူပြုပစ္စည်း သို့မဟုတ် ထိန်းချုပ်ရေးပစ္စည်း ကိရိယာကို တပ်ဆင်ခြင်း သို့မဟုတ် သုံးစွဲခြင်းပြုရမည်။ ယင်းသို့ ဆောင်ရွက်ခြင်း မပြုနိုင်ပါက စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်းများနှင့်အညီ စွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။ |
||
|
၁၆။ စက်မှုနယ်မြေရှိ လုပ်ငန်းကိုဖြစ်စေ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းကိုဖြစ်စေ၊ ဝန်ကြီးဌာနက သတ်မှတ်သည့် လုပ်ငန်းအမျိုးအစားကို ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည်- |
||
|
|
(က) |
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ပြုပြင်သန့်စင်ရေး အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ စုပေါင်းအစီအမံတွင် သတ်မှတ်သည့်ငွေ သို့မဟုတ် ပစ္စည်းထည့်ဝင်၍ ဆောင်ရွက်ရန် တာဝန်ရှိသည်။ |
|
|
(ခ) |
သက်ဆိုင်ရာစက်မှုနယ်မြေ၊ အထူးစီးပွားရေးဇုန်နှင့် လုပ်ငန်းအဖွဲ့အစည်းအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် သတ်မှတ်သည့် အသုံးပြုခ သို့မဟုတ် စီမံခန့်ခွဲမှု ကုန်ကျစရိတ်ကို ထည့်ဝင်ရမည်။ |
|
|
(ဂ) |
သက်ဆိုင်ရာ စက်မှုနယ်မြေ၊ အထူးစီးပွားရေးဇုန် သို့မဟုတ် လုပ်ငန်းအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။ |
အခန်း( ၈ )
မြို့ ပြဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှု
|
၁၇။ ဝန်ကြီးဌာနသည် မြို့ပြဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုများအတွက် ကော်မတီက ချမှတ်သော လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား အောက်ပါကိစ္စရပ်များဆောင်ရွက်ရာတွင် လိုအပ်သလို အကြံပေးခြင်း ပြုရမည်- |
||
|
|
(က) |
ဇုန်နယ်မြေသတ်မှတ်ခြင်းအပါအဝင် မြေအသုံးချမှု စီမံကိန်းများ ချမှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ |
|
|
(ခ) |
အချက်အချာကျသော မြို့ပြဒေသများရှိ တည်ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း၊ |
|
|
(ဂ) |
လူနေအိမ်ရာချထားမှု စီမံခန့်ခွဲခြင်း၊ |
|
|
(ဃ) |
စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်း၊ |
|
|
(င) |
မြေ၊ ရေ၊ လေနှင့် အသံညစ်ညမ်းမှု အပါအဝင် ညစ်ညမ်းမှုများ ထိန်းချုပ်ခြင်း၊ |
|
|
(စ) |
အခြားလိုအပ်သော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲခြင်း။ |
အခန်း(၉)
သဘာဝသယံဇာတအရင်းအမြစ်များနှင့်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းခြင်း
|
၁၈။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် အောက်ပါ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်း၊ စဉ်ဆက်မပြတ်အသုံးပြုခြင်း၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရမည်- |
||
|
|
(က) |
သစ်တောသယံဇာတအရင်းအမြစ်များ၊ |
|
|
(ခ) |
မြေသယံဇာတအရင်းအမြစ်များ၊ |
|
|
(ဂ) |
မြေအောက်ရေအပါအဝင် ရေချိုသယံဇာတအရင်းအမြစ်များ၊ |
|
|
(ဃ) |
ဓာတ်သတ္တုသယံဇာတအရင်းအမြစ်များ၊ |
|
|
(င) |
စိုက်ပျိုးရေးဆိုင်ရာအရင်းအမြစ်များ၊ |
|
|
( စ) |
ရေလုပ်ငန်းဆိုင်ရာသယံဇာတအရင်းအမြစ်များ၊ |
|
|
(ဆ) |
အဏ္ဏဝါဆိုင်ရာသယံဇာတအရင်းအမြစ်များ၊ |
|
|
( ဇ) |
သဘာဝအလျောက်ဖြစ်ပေါ်နေသော ဂေဟစနစ်များ၊ |
|
|
(ဈ) |
သဘာဝနယ်မြေများ၊ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ |
|
|
(ည) |
ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် အခြားသဘာဝ သယံဇာတ အရင်းအမြစ်များ။ |
|
၁၉။ ဝန်ကြီးဌာနသည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ၊ သဘာဝအမွေအနှစ်ဒေသများ၊ ယဉ်ကျေးမှု အထိမ်းအမှတ်အဆောက်အအုံများနှင့် သဘာဝနယ်မြေများ အစဉ်တည်တံ့ခိုင်မြဲရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ |
||
|
၂ဝ။ ဝန်ကြီးဌာနသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ပုဒ်မ ၁၈ နှင့် ၁၉ တို့ပါ ကိစ္စရပ်များအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာများကို ပံ့ပိုးကူညီရမည်။ |
||
အခန်း(၁ဝ)
ကြိုတင်ခွင့်ပြုချက်
|
၂၁။ ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည့် ပတ်ဝန်းကျင် အရည် အသွေးကို ထိခိုက်စေနိုင်သောလုပ်ငန်း၊ လုပ်ငန်းခွင် နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအမျိုးအစားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်။ |
||
|
၂၂။ ဝန်ကြီးဌာနက ပုဒ်မ ၂၁ အရ သတ်မှတ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအမျိုးအစား၏ ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။ |
||
|
၂၃။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၂ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ ညီညွတ်ခြင်း ရှိ မရှိစိစစ်ပြီးနောက် စည်းကမ်းချက် များသတ်မှတ်၍ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ |
||
|
၂၄။ ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ထုတ်ပေးသည့်အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်နိုင်သည်။ ယင်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက စစ်ဆေးရန် အကြောင်းကြားခြင်းပြုနိုင်သည်။ |
||
|
၂၅။ ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ကြိုတင် ခွင့်ပြုချက်ရရှိသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင် သည်- |
||
|
|
(က) |
သတိပေးပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊ ခံဝန်ချက် ရေးထိုးစေခြင်း၊ |
|
|
(ခ) |
ဒဏ်ကြေးငွေ ပေးဆောင်စေပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်စေခြင်း။ |
အခန်း(၁၁)
အာမခံ
|
၂၆။ ကြိုတင်ခွင့်ပြုချက်ရရှိသူသည် ပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် မတော်တဆဖြစ်မှုတစ်ခုခုအတွက် ယင်းတို့၏ လုပ်ငန်း၊ လုပ်ငန်းခွင် နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ အမျိုးအစားအလိုက် တည်ဆဲဥပဒေနှင့်အညီ အာမခံထားရှိရမည်။ |
|
၂၇။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၆ အရ အာမခံထားရမည့် လုပ်ငန်းကို ဆောင်ရွက်သော သက်ဆိုင်ရာလုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းနှင့် စပ်လျဉ်း၍ မြန်မာ့အာမခံလုပ်ငန်းက ပတ်ဝန်းကျင်ကိုထိခိုက်စေသည့် အတိုင်းအတာနှင့်အလားအလာကို သဘောထား မှတ်ချက် တောင်းခံလာလျှင် သဘောထားမှတ်ချက်ပေးရမည်။ |
အခန်း(၁၂)
တားမြစ်ချက်များ
|
၂၈။ မည်သူမျှ ဤဥပဒေအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံကို ကြိုတင် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရ။ |
|
၂၉။ မည်သူမျှ ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ။ |
|
၃ဝ။ မည်သူမျှ ဝန်ကြီးဌာနက တားမြစ်ထားသော ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။ |
အခန်း(၁၃)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
|
၃ဝ။ မည်သူမျှ ဝန်ကြီးဌာနက တားမြစ်ထားသော ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။ |
||
|
၃၂။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
||
|
၃၃။ မည်သူမဆို- |
||
|
|
(က) |
ပုဒ်မ ၃၂ အရ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ယင်းပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးစေရန် အမိန့် ချမှတ်ခြင်းခံရမည်။ |
|
|
(ခ) |
ပုဒ်မခွဲ(က)အရ အမိန့်ချမှတ်ခြင်းခံရလျှင် ပေးလျော်ရမည့် လျော်ကြေးငွေ ကိုပေးရန် ပျက်ကွက်ပါက တည်ဆဲအခွန်၊ အခ ဥပဒေများနှင့်အညီ အရကောက်ခံရမည်။ |
|
၃၄။ မည်သူမဆို ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနက တားမြစ် ထားသော ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းကြောင်း၊ ပြည်ပသို့တင်ပို့ကြောင်း၊ ထုတ်လုပ်ကြောင်း၊ သိုလှောင်ကြောင်း၊ သယ်ယူကြောင်း သို့မဟုတ် ရောင်းဝယ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်းနှစ်ဆယ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်။ ထို့အပြင် ယင်းပစ္စည်းအား ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေ သောအဆင့်အထိ ပြုပြင်ပြောင်းလဲစွန့်ပစ်ရန်အတွက် ကုန်ကျသောစရိတ်ကို ထိုသူက ကျခံစေရမည်။ |
||
အခန်း(၁၄)
အထွေထွေ
|
၃၅။ ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုမိန့်ရယူရမည်။ |
||
|
၃၆။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းတစ်ခုခုအား နိုင်ငံတော် နှင့် ပြည်သူ့အကျိုးငှာ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့် ပြုနိုင်သည်။ |
||
|
၃၇။ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်အရ တစ်စုံတစ်ရာ ဆောင်ရွက်ရခြင်းကြောင့် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးသည် ကုန်ကျစရိတ်များ ကျခံခဲ့ရလျှင် ယင်းကုန်ကျစရိတ်များကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေမှ တောင်းခံခွင့်ရှိသည်။ |
||
|
၃၈။ ကြိုတင်ခွင့်ပြုချက် ရယူရန်လိုအပ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ အမျိုးအစားကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဤဥပဒေအရ ကြိုတင်ခွင့်ပြုချက်ရရှိထားသော လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ ကိုသာလိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင် ထုတ်ပေးရမည်။ |
||
|
၃၉။ |
(က) |
ဝန်ကြီးဌာနသည် ပုဒ်မ ၂၅ အရ စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ် ခြင်းခံရသည့် ကြိုတင်ခွင့်ပြုချက်ရရှိသူက စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမပြုလျှင် လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအတွက် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင် ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ အကြောင်းကြားရမည်။ |
|
|
(ခ) |
ပုဒ်မခွဲ(က)အရ အကြောင်းကြားချက်ကို လက်ခံရရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကြိုတင်ခွင့်ပြုချက်ပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်ပေးထားသော လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့် အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်သည်။ |
|
၄ဝ။ ပုဒ်မ ၃၂ ပါပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။ |
||
|
၄၁။ ဤဥပဒေမပြဋ္ဌာန်းမီ ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက် များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည် ဖြစ်စေရမည်။ |
||
|
၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်- |
||
|
|
(က) |
ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။ |
|
|
(ခ) |
ကော်မတီနှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


