You are here

နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

Printer-friendly versionSend by email

နေပြည်တော် သြဂုတ် ၂၁

နိုင်ငံခြားရေး ဝန်​ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက် သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပ သတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ်ကြံ ထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်း အချို့ကသော်လည်းကောင်း သဘောထား ထုတ်ပြန်မှုများ ပြုလုပ်လျက် ရှိနေပါသည်။

 

အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြသည့် ဘာသာ(၂)ခုအကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာလည်း မဟုတ် ကြောင်း ထင်ရှားလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခု အတွင်း လူ့အဖွဲ့အစည်းအစိတ်အပိုင်း နှစ်ရပ်အကြား ရာဇဝတ်မှု တစ်ခုကို အကြောင်းပြု၍ နောက်ဆက် တွဲဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်ပါသည်။ ဤအကြမ်းဖက်မှု များကြောင့် နှစ်ဖက်စလုံးမှ (၈၈)ဦး အသက်ဆုံးရှုံးကြရာတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦးနှင့် မူစလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး(၅၇)ဦး ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အလားတူ အသိုင်းအဝိုင်း နှစ်ဖက်လုံးမှ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်ခြေများ မီးလောင် ဖျက်ဆီးခံခဲ့ရ ပါသည်။

 

အထက်ပါ ပျက်စီးဆုံးရှုံးမှု၊ သေကျေဒဏ်ရာ ရရှိမှုများကို သုံးသပ်ကြည့်လျှင် လူမျိုးစုတစ်စုက အခြား လူမျိုးစု တစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ် ညှဉ်းပန်းခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ထိုသို့ ဖြစ်ပျက်မှုကိုလည်း တရားဥပဒေနှင့် အညီ စုံစမ်းဖော်ထုတ်အရေးယူရန် စုံစမ်းရေး ကော်မတီ တစ်ရပ်ကို ချက်ချင်းဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

 

နိုင်ငံတော်အစိုးရ အနေဖြင့် ဆူပူအကြမ်းဖက်မှု စတင်သည့် အချိန်မှစ၍ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ဒေသတွင်း၌ တည်ငြိမ်မှုပြန်လည် ရရှိနေပြီ ဖြစ်ပါသည်။ မြန်မာအစိုးရအနေဖြင့် မူစလင်ဘာသာဝင်တို့ အပေါ် အကြမ်းဖက်မှု မူဝါဒများ မည်သည့် ကာလတွင်းမှ ကျင့်သုံးခြင်း မရှိခဲ့ပါ။ အစိုးရအနေဖြင့် ဤသို့သော မူဝါဒမျိုး ကျင့်သုံးကြောင်းဖြင့် အဖွဲ့အစည်းအချို့မှ စွပ်စွဲ ရေးသားမှုများကို လုံးဝ ပယ်ချပါသည်။

 

အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီပံ့ပိုးမှုပေးရေးအတွက် အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

 

မြန်မာနိုင်ငံအခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအား အခြေအနေမှန်များ သိရှိနိုင်ရေးအတွက် သက်ဆိုင်သည့်ဝန်ကြီးများက ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပြီး အခြေအနေမှန်များကို လေ့လာ သိရှိနိုင်ရန် စီစဉ်ပေးခဲ့ ပါသည်။

 

ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမက် ဒါဝူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူဆွတ်ကာလာ နှင့်အစ္စလမ် မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာ အတ္တာအာမန်နမ် ဘက်ခစ် တို့အားလည်း ဖိတ်ခေါ်၍ ရခိုင်ပြည်နယ်သို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ အိုအိုင်စီ အတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက် လိုကြောင်း အဆိုပြုလာသည့် အတွက် ၎င်းအဆင်ပြေချိန် လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရ အနေဖြင့် ယင်းပဋိပက္ခနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ၎င်းကော် မရှင်တွင် အစ္စလာမ် အပါအဝင် ဘာသာရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံရေး သမားများ၊ အငြိမ်းစား ဝန်ထမ်းများကိုလည်း ပါဝင်ဖွဲ့စည်းထား ပါသည်။ ထိုသို့ ဖွဲ့စည်းခြင်းကို ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ကလည်း ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့ပါ သည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သတင်း ထုတ်ပြန်ချက်၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောထား ထုတ်ပြန်ချက်များမှာ ဖြစ်ရပ်မှန် အခြေအနေ များကို ထင်ဟပ် ဖော်ပြနေခြင်း ဖြစ်၍ ကြိုဆိုပါသည်။

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အုပ်စုချင်း အပြန်အလှန် လက်တုံ့ပြန် အကြမ်းဖက်မှုများသာ ဖြစ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါသည်။ ယင်းဖြစ်ရပ်များသည် ဘာသာရေးအရ ဖိနှိပ် ချုပ်ချယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်ပွားသည့် ကိစ္စ မဟုတ်ပါ။ သို့ဖြစ်၍ ဤကိစ္စကို ဘာသာရေး အကြောင်းပြပြီး နိုင်ငံရေးအရ ဒေသတွင်း သို့မဟုတ် အပြည်ပြည် ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ပါ။ ထိုသို့သော လုပ်ရပ်များသည် ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူ မပြုဘဲ ပိုမို၍ ရှုပ်ထွေး ခက်ခဲစေမည် ဖြစ်ပါသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းစဉ်တစ်လျှောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူနှင့် အခြား ကိုးကွယ်မှုများကို လွတ်လပ်စွာ ကိုးကွယ် ကြသူများအကြား စည်းလုံး ညီညွတ်စွာနှင့် သဟဇာတ ရှိစွာ နေထိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

 

သို့ဖြစ်ရာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်း ပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ်အေးချမ်းမှုများကို ထိခိုက်စေမည့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများကို ရပ်တန့်သင့်ပြီ ဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သူများအကြား ပြန်လည် သင့်မြတ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက်သာ အားပေးဆောင်ရွက်သင့်ကြောင်း ဖော်ပြအပ်ပါ သည်။

 

                                                                                                                                                     ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဩဂုတ် ၂၁ရက်

                                                                                                                                                            နိုင်ငံခြားရေးဝန်ကြီးဌာန

                                                                                                                                                                   နေပြည်တော်

 

www.president-office.gov.mm
This is the official website of Myanmar President Office