နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် ၊ သြဂုတ် ၉

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပင်လယ်ကမ်းရိုးတန်း နှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က မြန်မာနိုင်ငံ၏ ပင်လယ်ကမ်း ရိုးတန်းသည် ၂၈၃၂ ကီလိုမီတာရှည်လျားပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ရာ နေရာ ဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲနှင့် ပြည့်ဖြိုးမြဲမဟုတ်သည့် သယံဇာတများ ပေါများသည့် နိုင်ငံ ဖြစ်ပါကြောင်း၊ အဓိက ကမ်းရိုးတန်းဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ လတာပြင်၊ မြစ်ဝနှင့် သဲသောင်ကမ်းခြေဂေဟစနစ်များ များစွာတည်ရှိ နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါဂေဟစနစ်များသည် အချင်းချင်းဆက် နွှယ်မှီခိုရပ်တည်လျက်ရှိကြပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိပါကြောင်း၊ တစ်နည်း အားဖြင့် အဆိုပါ ဂေဟစနစ်များသည် စိုက်ပျိုးရေး၊ သစ်တော၊ ရေလုပ်ငန်းနှင့် ခရီးသွားလာ ရေး စသည့်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အဖြစ်သော်လည်းကောင်း၊ သွယ်ဝိုက် ၍ သော်လည်းကောင်း အထောက်အကူပြုလျက်ရှိပါကြောင်း၊
ဒီရေတောဂေဟစနစ်များကိုထိန်းသိမ်းကာကွယ်ပြီး ၄င်းတို့မှရရှိလာသည့် သယံဇာတ များကို သင့်တင့်လျှောက်ပတ်စွာအသုံးချခြင်းဖြင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုထိန်းညှိမှုလုပ်ငန်းစဉ်များတွင် ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ဒီရေတောများကို ခုတ်ထွင်ပြီး ပုစွန် မွေးမြူခြင်း၊ မိုင်းခွဲ၍ ငါးဖမ်းခြင်း၊ သဲနှင့် သတ္တုတူးဖော်ခြင်း၊ အမှိုက်သရိုက်နှင့် အညစ် အကြေးများ စွန့်ပစ်ခြင်း၊ ရေယာဉ်များမှ စက်ဆီများယိုဖိတ်ခြင်းနှင့် တမင်စွန့်ထုတ်ခြင်း၊ ကုန်းတွင်းပိုင်းစိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသ များတွင် နုန်းတင်အနည်ကျခြင်းနှင့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဓါတ်ကြွင်းများ ရောက်ရှိလာခြင်း စသည့် လူတို့ဖန်တီးသည့် လုပ်ရပ်များကြောင့် ဂေဟစနစ်များ ထိခိုက်မှု ရှိနေသည်ကို သတိပြုမိကြမည်ဖြစ်ပါကြောင်း။
ကမ်းရိုးတန်းဂေဟစနစ်များ ထိခိုက်လာသည်နှင့်အမျှ ကမ်းရိုးတန်း ဒေသမြေ သယံဇာတများ၏ ထုတ်လုပ်မှုစွမ်းအင်လျော့ကျခြင်း၊ ငါးသယံဇာတများ ပြုန်းတီးခြင်း၊ ကမ်းရိုးတန်းဒေသများ မြေပြိုရေတိုက်စားခြင်း စသည့် ပြဿနာများ ရင်ဆိုင်ကြုံတွေ့ နေကြရသည်ကိုလည်း မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များကြောင့်လည်း ကမ်းရိုးတန်းဒေသများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးတို့ကို ထိခိုက်စေပါကြောင်း၊ ဒီရေတောများကို အပြောင်ခုတ်ပြီး စပါးစိုက်ခြင်းနှင့် ပုစွန်ကန် ထူထောင်ခြင်းတို့ကို ပြုလုပ် လာကြပါကြောင်း၊ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စပါးနှင့် ပုစွန်အထွက်နှုန်း လျော့ကျ လာပြီး စီးပွားရေး တွက်ချေမကိုက်သဖြင့် ၄င်းနေရာများကို စွန့်ပစ်ကာ ဒီရေတောများကို နောက်ထပ် ထပ်မံခုတ်ထွင်ရှင်းလင်းပြီး စပါးနှင့် ပုစွန်ကန်များ ထပ်မံထူထောင်သဖြင့် စွန့်ပစ်မြေ အများအပြားပေါ်ပေါက်လာသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အကျိုးဆက် ကြောင့် သဘာဝဒီရေတောများမှ ပုံမှန်ရရှိနေသည့် ၀န်ဆောင်မှုများနှင့် ထုတ်ကုန်ပစ္စည်းများ လည်း ဆုံးရှုံးရပါကြောင်း၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝ သည့် အပူပိုင်းမိုးသစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့သဖြင့် ကမ်းရိုးတန်းဒေသအတွင်းရှိ ဂေဟ စနစ်များကို ပိုမိုယိုယွင်း ပျက်စီးစေခဲ့ကြောင်း၊
ကုန်းတွင်းပိုင်းတွင် ဆောင်ရွက်သည့် မြေအသုံးချမှုလုပ်ငန်းများသည် ကမ်းရိုးတန်း နှင့် ပင်လယ်ပြင်တို့ကို တိုက်ရိုက်အကျိုးသက်ရောက်စေသည်ကို လေ့လာတွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်းတွင်းနှင့် ပင်လယ်နှစ်မျိုးစလုံးကို ထည့်သွင်းစဉ်းစားပြီး လုပ်ငန်းမဆောင်ရွက်မီ ပတ်ဝန်းကျင်ကို ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဆန်းစစ်ရရှိမှုများကို အခြေခံပြီးစနစ်ကျသည့် ဘက်စုံ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင် ကုန်းနှင့် ရေဧရိယာနှစ်မျိုးလုံးကို ထည့်သွင်းစဉ်းစားပြီး ပင်လယ်ရေအောက် သန္တာ ကျောက်တန်းမှ မြေပေါ်တောင်ထိပ်အထိ လွှမ်းခြုံဆောင်ရွက်သည့် ချဉ်းကပ်နည်း (Reef to Ridge Approach ) နှင့် စီမံကိန်း၊ စီမံချက်များ ရေးဆွဲဆောင်ရွက်ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ ကမ်းရိုးတန်း ဂေဟစနစ်များ၏ အရေးပါမှုကို အသိအမှတ်ပြုပြီး လက်ရှိပျက်စီးယိုယွင်းမှုများကို လျော့နည်း ရပ်တန့်သွားရေးနှင့် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေး တို့ကို ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကမ်းရိုးတန်း ဒေသ သယံဇာတများနှင့် ပတ်သက်နေသည့် ဌာနများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ က ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ( Integrade Coastal Management - ICM ) သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံက ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင် နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမူများဖြစ်သည့် လူသားမျိုးဆက်များအတွင်း သာတူညီမျှ ရှိစေရန်၊ ကြိုတင်ကာကွယ်ထိန်းသိမ်းရန်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခဲ့ပါက ပြုလုပ်သူက ပေးလျော်စေရန် စသည့်အခြေခံမူများနှင့်အညီ ပေါ်ပေါက်လာသည့် စီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်တစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ပြီး သယံဇာတများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအကြား ပေါင်းစပ်ညှိနှိုင်း စီမံအုပ်ချုပ် လုပ်ကိုင်သည့် နည်းစနစ်ဖြစ်သည့်အပြင် သယံဇာတထုတ်လုပ် သုံးစွဲရာတွင်လည်းကောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေရန်သုံးသပ်ဆောင်ရွက်သည့် နည်းစနစ်ဖြစ်ပါကြောင်း၊ တစ်နည်းဆိုသော် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုသည့် မဏ္ဍိုင်များကို ထည့်သွင်းစဉ်းစားပြီး သိပ္ပံပညာ (Science) နှင့် စီမံခန့်ခွဲမှု (Administration) နယ်ပယ်နှစ်ရပ်စလုံးကို ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သည့်နည်းစနစ်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ကမ်းရိုးတန်းဒေသ ဘက်စုံ စီမံအုပ်ချုပ်လုပ်ကိုင်မှု ICM စနစ်နှင့်အညီ ကမ်းရိုးတန်းသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲသွားမည်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်း ဒေသစနစ်ကြီးတစ်ခုလုံးသည် စနစ်ခွဲများဖြင့် ဖွဲ့စည်းထားပြီး ထိုစနစ်ခွဲများက စနစ်ကြီး တစ်ခုလုံးပုံမှန်လည်ပတ်စေရန် လုပ်ငန်းတာဝန် အသီးသီးကို ဆောင်ရွက်နေကြပါကြောင်း၊ စနစ်ခွဲတစ်ခုပျက်စီးသွားသည်နှင့် စနစ်ကြီး တခုလုံးအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်ကို ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြသည့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သယံဇာတထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ကမ်းရိုးတန်းဒေသပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးတို့အပေါ် ရေတို ရေရှည်အကျိုးသက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားရန် လိုအပ်သည့်အပြင် ကမ်းရိုးတန်းသယံဇာတအသုံးပြုသူများအကြား၌ လည်းကောင်း၊ လုပ်ငန်းဌာနများအကြား၌ လည်းကောင်း၊ အဖွဲ့အစည်းနှစ်ခုအကြား၌ လည်းကောင်း ပဋိပက္ခများပေါ်ပေါက်ပါက ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် နိုင်ငံ၏ အကျိုးစီးပွားကို အခြေခံ၍ အလျော့အတင်း ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးထားပြီး လိုက်နာ ဆောင်ရွက်ရမည့် ကတိက၀တ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုပြဿနာသည် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို အနှုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုဖြစ်စေသည့်အတွက် ပစ္စုပ္ပန်အတွက် သာမက အနာဂါတ်မျိုးဆက်သစ်များအတွက်ပါ အရေးတကြီးဖြေရှင်းရမည့် ပြဿနာ ဖြစ်ပါကြောင်း၊ သစ်တောများ၊ အထူးသဖြင့် ကမ်းရိုးတန်းဒေသနှင့် ကျွန်းစုများပေါ်ရှိ သစ်တောများသည် ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် နေသည့်အတွက် အဆိုပါသစ်တောများကို ထိန်းသိမ်းနိုင်ရန် ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ် တောနှင့် သဘာဝနယ်မြေများအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ သစ်တောများထိန်းသိမ်းရာတွင် ပြည်ထောင်စုအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် သဘာဝအရင်းအမြစ်သည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းသယံဇာတများသည် နိုင်ငံအတွက် အရေးပါသည့် သဘာဝအရင်းအမြစ် ဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် အားတက်သရော ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပင်လယ်ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေး အသိပညာပေး မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က ပထမအကြိမ်အစည်း အဝေး၏ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင်များနှင့် တွဲဖက်အတွင်းရေမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။