ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကယားပြည်နယ်ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၄

ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် ရရှိမည့် အကျိုးအမြတ်များကို ဒေသခံပြည်သူများ အနေဖြင့် သွယ်ဝိုက် အကျိုးကျေးဇူးများသာမက တိုက်ရိုက် အကျိုးကျေးဇူးရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကယားပြည်နယ်ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှု စစ်ဆေးစဉ် ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင် တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်အတူ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွင် တစ်ခု အပါအဝင်ဖြစ်သည့် ထီးပွင့်ကန်သို့ သွားရောက်ကြည့်ရှု လေ့လာသည်။

အဆိုပါ ထီးပွင့်ကန်သည် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီး ငွေတောင်ဆည်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အလျား ၂၂၇ ပေ၊ အနံ ၁၁၅ ပေရှိ၍ ရွှံ့နုန်းမြေ များဖြင့် ထီးပွင့်သဏ္ဌာန် ရေပြင်ပေါ်သို့ ပြူတက်တည်ရှိသည်။

ထီးပွင့်ကန်သည် ဘူမိဗေဒသဘောအရ မြေပြင်အနီးကပ် ဖြစ်ထွန်းလာသည့် မီးတောင် ဟောင်းဖြစ်ပြီး ချော်ခဲများတွင် ထုံးဓာတ်များပါရှိသည်။ ထိုချော်ခဲတုံးနှင့် ရေထိတွေ့သည့်အခါ အခိုးထွက်လာပြီး သဲနုန်းများပါဝင်၍ တဖြည်းဖြည်း ရေပြင်ပေါ်တွင် ထီးသဏ္ဌာန်ဖြစ်ပေါ်လာကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် တနှီးလာလဲ ကျေးရွာအနီးရှိ ကန်ခုနစ်ဆင့်သို့ ရောက်ရှိကြရာ ဖိုးဗျားခန်းမ၌ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း အဖွဲ့ဝင် ကျေးရွာဥက္ကဋ္ဌ ဦးတီရယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တနှီးလာလဲလေ့လာရေးခရီးစဉ်၌ ကယားတိုင်းရင်းသား ရိုးရာ ချည်မျှင် ထုတ်လုပ်ငန်းနှင့် ရိုးရာဓလေ့ထုံးတမ်းများ ပြန်လည်ဖော်ထုတ် တင်ဆက်နေမှု၊ ရပ်ရွာဓလေ့ဖြစ်သည့် တောလိုက်ခြင်း၊ ရိုးရာတံခွန်တိုင်လွှင့်ထူခြင်း၊ ကြက်ရိုးထိုးခြင်း တို့ကို ခရီးသွားများအား ဆွဲဆောင်နေမှု၊ International Trade Center (ITC) ၏ အကူအညီဖြင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များကို သင်တန်းများပို့ချပေးနေမှု၊ ဒေသဆိုင်ရာ ခရီးသွားဧည့်လမ်းညွှန်များ မွေးထုတ်ပေးနေမှု၊ ဘာဒိုကျေးရွာတွင် သဘာ၀ အခြေခံခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ခရီးသွားလုပ်ငန်းဖြင့် ဒေသ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင်တို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကန်ခုနစ်ဆင့် ရေကန်အနီးရှိ တောတောင်များကို စဉ်ဆက်မပြတ် သဘာဝအတိုင်း တည်ရှိနေရန် ဒေသခံ ပြည်သူများနှင့်အတူ လက်တွဲထိန်းသိမ်း စောင့်ရှောက်သွားရမည်ဖြစ်ပါကြောင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း၏ သဘောသဘာဝကို ဒေသခံ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ပညာပေး ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမှသည် လုပ်ငန်းများ ပိုမို အောင်မြင်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဖိုးဗျားခန်းမအတွင်းရှိ ကယားတိုင်းရင်းသားရိုးရာ ချည်မျှင်ထုတ် လုပ်ငန်းနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ဖိုးဗျားရိုးရာအိမ်၊ ကန်ခုနစ်ဆင့် တို့ကို လှည့်လည်ကြည့်ရှု လေ့လာသည်။

ကယားပြည်နယ်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပ ခရီးသွားဧည့်သည် ၃၉၈၆ ဦး ဝင်ရောက်ခဲ့ပြီး လိုင်စင်ရဧည့်လမ်းညွှန်နှင့် ဒေသ ဆိုင်ရာဧည့်လမ်းညွှန် စုစုပေါင်း ၂၃၄ ဦးရှိသည်။ ကယားပြည်နယ်၌ တောင်ကွဲစေတီ၊ မြို့နာမ်စေတီ၊ ကန္ဒရဝတီဟော်နန်း၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ထီးစဲခါးရေတံခွန်၊ လောပီတလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကြတ်ဂူ၊ နောင်ယားကန်၊ ပန်ပက်ကျေးရွာနှင့် တနှီးလာလဲကျေးရွာ ခရီးစဉ်များကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့နယ် ပန်ပက် ကျေးရွာသို့ရောက်ရှိပြီး ကယန်း(ပဒေါင်) တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ရိုးရာလက်မှုလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှုအကများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယသမ္မတက ဒေသခံတိုင်းရင်းသားများ၏ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာလိုအပ်ချက်များ ကို ပြည်နယ်အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာယဉ်ကျေးမှုအဖွဲ့သို့ ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ် သည်။

ထို့နောက် ဒုတိယသမ္မတသည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်ကို သွားရောက်ကြည့်ရှု လေ့လာသည်။

ငွေတောင်ဆည်ကို ၁၉၆၂ ခုနှစ်တွင် ငွေကျပ် ၂၀ ဒသမ ၁၇ သန်း အကုန်အကျခံ၍ မြေသားတမံအမျိုးအစားအဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လယ်ယာမြေ ၅၈၇၇ ဧကကို ဆည်ရေပေးဝေနိုင်ခဲ့သည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ အရှေ့ဘက် ၁၀ မိုင် အကွာတွင် တည်ရှိသည့် ထုံးကျောက် သဘာဝလိုဏ်ဂူသို့ သွားရောက်ကြည့်ရှု လေ့လာသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကယားပြည်နယ်ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်သည်။