၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူ ဆုချီးမြှင့်ပွဲ ကျင်းပ

Printer-friendly versionSend by email

 

ရန်ကုန်၊ နိုဝင်ဘာ ၁၉

 

၂၀၁၆ ခုနှစ်အတွက်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု နှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားပြီး အမျိုးသားစာပေတစ်သက်တာဆု ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆုရွေးချယ်ရေးကော်မတီများ၊ ဆုရစာပေ ပညာရှင်ကြီးများ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် စာပေဆိုင်ရာဆုချီးမြှင့်ပွဲသည် မြန်မာစာပေ သက်တမ်း တစ်လျှောက်တွင် ရှင်သန်ခိုင်မာနေသည့် စာပေဆုချီးမြှင့်ခြင်း အစဉ်အလာ ကောင်းများ ဆက်လက်ရှင်သန်ရန် တည်မှီရာ ပွဲတစ်ခုဖြစ်ပါကြောင်း၊ စာပေကို အကြောင်းပြုပြီး ပြုလုပ်သည့်ပွဲများ အစဉ်အလာအတိုင်း မြန်မာသက္ကရာဇ်၊ နတ်တော်လဆန်း ၁ ရက်တွင် ကျရောက်သည့် စာဆိုတော်နေ့ နှင့် ယင်းနေ့ရက် ဝန်းကျင်များတွင် စာပေပွဲ လမ်းသဘင် များကို ကျင်းပလေ့ရှိကြောင်း၊ ယခင်ကဆိုလျှင် စာရေးဆရာများကိုယ်တိုင် ပါဝင်သည့် ပြဇာတ် ကပြခြင်း၊ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းကို စာပေမှတ်တမ်းများတွင် တွေ့ရှိရပါကြောင်း၊ ယနေ့စာပေဆု ချီးမြှင့်ပွဲကိုလည်း ယခင်က အခြေခံကောင်း၊ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း ဆက်ခံပြီး အချိန်အခါနှင့် ညီညွတ်စွာ ကျင်းပနေခြင်းဖြစ်၍ သဘာဝကျကျ ကျက်သရေရှိသည့်ပွဲဟု ပြောရမည်ဖြစ်ပါကြောင်း။

 

မြန်မာစာပေသမိုင်းကိုကြည့်လျှင် မိမိတို့မြန်မာစာပေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀ ကျော် ပုဂံခေတ် ကတည်းက စတင်ကာ ခိုင်ခိုင်မာမာ တည်ရှိခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်ကြောင်းကို လေ့လာသိရှိရလိမ့်မည်ဖြစ်ကြောင်း၊ ဂူပြောက်ကြီးဘုရားဟုခေါ်သည့် မြစေတီဘုရားကျောက်စာတွင် ပျူ၊ မြန်မာ၊ မွန်၊ ပါဠိဘာသာစကား လေးမျိုးနှင့် ရေးထိုးထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းမှာ မြန်မာစာပေ အစဟုပြောနိုင်မည့် ခိုင်မာသော သမိုင်းအထောက်အထား တစ်ခုလည်းဖြစ်ကြောင်း၊

 

ယင်းနောက် ပင်းယခေတ်၊ အင်း၀ခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်စသည့် ခေတ်အဆက်ဆက်မှသည် ယနေ့ မျက်မှောက်ခေတ်ကာလအထိ မိမိတို့မြန်မာစာပေသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ သူ့ခေတ်သူ့အခါအလျောက် စာပေလက်ရာကောင်းများလည်း ပေါ်ထွန်းခဲ့ပါကြောင်း။

 

စာပေဗိမာန်၏ မူလအစဖြစ်သည့် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်က စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် မေလတွင် အသင်း၏ အမည်ကို စာပေဗိမာန်ဟု ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ဆောင်ပုဒ်မှာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဖြစ်ပါကြောင်း၊ ထိုနှစ်မှာပင် စာပေဗိမာန်စာပေဆုချီးမြှင့်ရန် စတင်စီစဉ်ခဲ့ပါကြောင်း၊ စာပေဗိမာန်အုပ်ချုပ်မှုကောင်စီသည် ၁၉၄၈ ခုနှစ်ကစပြီး တစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုများထဲက အကောင်းဆုံး တစ်အုပ် ရွေးချယ်ပြီး စာပေဗိမာန်ကာလပေါ် ဝတ္ထုဆုအမည်ဖြင့် ဆုငွေကျပ် (၁၀၀၀) ချီးမြှင့် ခဲ့ပါကြောင်း၊ ပထမဆုံး စာပေဆုရှင်သည် ဆရာမင်းအောင်ဖြစ်ပြီး မိုးအောက်မြေပြင်ဝတ္ထုရှည်နှင့် ဆုရခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၉၄၉ ခုနှစ်တွင် ဆုချီးမြှင့်နိုင်ခြင်းမရှိဘဲ ၁၉၅၀ ပြည့်နှစ်တွင် ဆရာ တက်တိုး ရေးသားသည့် မင်းမှုထမ်းဝတ္ထုကို ချီးမြှင့်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ချီးမြှင့်ခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် စာပေဗိမာန်စာပေဆုကို အနုပညာဆိုင်ရာစာပေဆုဟု အမည်ပြောင်းခဲ့ပြီး ဘာသာရပ်(၉)မျိုးအထိ ချဲ့ထွင် ချီးမြှင့်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ပုံနှိပ်ပြီး စာအုပ်နှင့် ပုံနှိပ်ရခြင်း မရှိသေးသည့် လက်ရေးစာမူတို့ ပူးတွဲပြိုင်ပွဲဝင်ရသည့် စနစ်ကျင့်သုံးခဲ့ပါကြောင်း၊ ထိုမှတစ်ဖန် အဆိုပါဆုကိုပင် ၁၉၆၅ ခုနှစ်တွင် အမျိုးသားစာပေဆုဟု ပြောင်းလဲသတ်မှတ် ချီးမြှင့်ခဲ့ပါကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ပြိုင်ပွဲဝင် ယှဉ်ပြိုင်ရသည့်စနစ်ကို ဖျက်သိမ်းပြီး ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့သည့် စာအုပ်များထဲက ဘာသာရပ်အလိုက် အကောင်းဆုံးတစ်အုပ်ကိုပင် ရွေးချယ် ဆုပေးသည့်စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ စာမူများအတွက် စာပေဗိမာန်စာမူဆုဟု ပြောင်းလဲ သတ်မှတ်ချီးမြှင့်ခဲ့ပါကြောင်း။

 

အမျိုးသားစာပေဆုကိုချီးမြှင့်ရာတွင် ဘာသာရပ်များ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ချီးမြှင့်လာခဲ့ပြီး ယခုဆိုလျှင် ဘာသာရပ်(၁၆)မျိုးအထိ ရှိလာပြီဖြစ်ပါကြောင်း၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲအတွက်လည်း အမျိုးသားစာပေဆုကဲ့သို့ ဘာသာရပ်များကို တိုးချဲ့ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင် ဘာသာရပ်(၁၃)ခု အထိ ရှိလာပြီဖြစ်ပါကြောင်း။

 

ထို့အပြင် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ရေးသားပြုစုခဲ့သည့် စာပေသမား များ၏ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေနှင့် အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆုကို တစ်နှစ်လျှင် စာပေပညာရှင်တစ်ဦးကိုသာ ရွေးချယ် ချီးမြှင့်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ပညာရှင်သုံးဦးအထိ တိုးမြှင့်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခု ၂၀၁၆ ခုနှစ်အတွက်လည်း သုံးဦးချီးမြှင့်ထားပါကြောင်း။

 

စာပေဆုများကို ရွေးချယ်ရာတွင် ဒီမိုကရေစီခေတ်နှင့်အညီ အမှန်တကယ် ရသင့်သည့်စာအုပ်များ၊ စာမူများကို ရွေးချယ်နိုင်ရန် စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေဆုရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ သာမက စာပေ လောကထဲတွင် အတွေ့အကြုံရှိသည့် စာပေထုတ်ဝေဖြန့်ချိသူများကိုပါ ပါဝင်ဖွဲ့စည်း ဆောင်ရွက်စေခဲ့ ပါကြောင်း၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို ပညာရှင် (၇၇)ဦးဖြင့် ဖွဲ့စည်း ပေးထားပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကိုမူ ပညာရှင်(၂၈)ဦးဖြင့် ဖွဲ့စည်း ပေးထားပါကြောင်း၊ စာပေဆုများအတွက် စိစစ်ရွေးချယ်ရာတွင်လည်း ပဏာမအဆင့်၊ ဆန်ခါတင် အဆင့်၊ အတည်ပြုအဆင့်ဆိုသည့်အဆင့် (၃)ဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့သည်ကို တွေ့ရပါကြောင်း၊

 

၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း(၉၆၆)အုပ်ထဲမှ အမျိုးသား စာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ်(၁၆)ခု အနက် (၁၀)ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူပေါင်း (၂၉၂)စောင်ထဲက သတ်မှတ်ထားသည့် ဘာသာရပ် (၁၃)ခုအနက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း(၂၆)စောင်ကို ရွေးချယ်ခဲ့ပါကြောင်း။

 

ယနေ့ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိသည့် စာရေးဆရာ စာပေပညာရှင် သုံးဦး ပေါ်ထွက်လာသည်ကို တွေ့ရကြောင်း၊ အဆိုပါစာပေပညာရှင်ကြီးများသည် မိမိဘဝကို စာပေထဲတွင် နစ်မြုပ်ပြီး စာရေးဆရာဘဝတစ်ခုတည်းကိုသာ ယုံယုံကြည်ကြည် ရွေးချယ်ခဲ့ကြသည့် သူများ ဖြစ်ကြပါကြောင်း၊ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များကို ကြည့်မည်ဆိုလျှင်လည်း အမျိုးသားစာပေဆုနှင့် ထိုက်တန်သည့်သူများ၊ ထိုက်တန်သည့် စာအုပ်များ ဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်များအရ တွေ့ရှိရပါကြောင်း၊ ထိုအတူ စာပေဗိမာန် စာမူဆုတွင်လည်း ကလောင်နုများကအစ ကလောင်လတ်၊ ကလောင်ရင့်များအထိ ဆုရကြသည်ကို တွေ့ရပါကြောင်း၊ ယင်းကလောင်ရှင်များ၏ ဆုရစာမူများသည်လည်း စာပေအဆင့်အတန်း မီကြသူများ ဖြစ်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ မိမိအနေနှင့် ဆုရသူများ အားလုံးကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း။

 

စာပေဗိမာန်အနေနှင့် ယနေ့အထိ စဉ်ဆက်မပြတ် အလေးထားပြီး စာပေဆုများ ချီးမြှင့်ပေးနေခြင်း သည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် စာရေးဆရာများ ပေါ်ထွန်း လာစေရန်အတွက် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာပေဆုများ ချီးမြှင့်ပေးအပ်ပြီး အသိအမှတ် ပြုခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းတို့ကြောင့် စာရေးသူများအနေနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးလာပြီး ပိုမို ပြောင်မြောက်သည့် စာပေလက်ရာကောင်းများ ဖန်တီးလိုစိတ်များလည်း ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသည်ပင်စာကောင်းပေကောင်းများ ပေါ်ထွက်ရန် ကြီးမားသည့် တွန်းအား တစ်ရပ်၊ အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ထို့ကြောင့် စာပေဗိမာန် အနေနှင့် စာပေဆုများ ချီးမြှင့်ခြင်းလုပ်ငန်းကို မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် တာဝန် တစ်ရပ်အဖြစ် အလေးအနက်ထားပြီး ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

 

ယခုအမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရသည့် စာပေပညာရှင်များ၊ စာရေးသူများ အနေနှင့် ဓားသွားထက် ပိုထက်သည့် ကလောင်သွား ပိုင်ရှင်များပီပီ စိတ်စေတနာ အရင်းခံထားပြီး မိမိပတ်ဝန်းကျင်ဘ၀၊ မိမိရေမြေဘ၀၊ မိမိလူမျိုးဘ၀၊ မိမိတိုင်းပြည် ဘဝအတွက် အကျိုးပြုစာပေလက်ရာများ ပိုမိုတိုးတက် ရေးသားနိုင်ကြပါစေ၊ ထိုမှတစ်ဆင့် မိမိနိုင်ငံအတွင်းမှာ သာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် စာပေလက်ရာကောင်းများ ဖန်တီးနိုင်သည့် သူများဖြစ်ကြပါစေ၊ ယနေ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး ပေါ်ပေါက်လာအောင် ရည်မှန်းတည်ဆောက်ရေးတွင်လည်း စာပေနယ်ပယ်မှ ပံ့ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးသာနိုး (မောင်သာနိုး)၊ ဆရာကြီး ဦးသိန်းသန်းထွန်း(သိန်းသန်းထွန်း)နှင့် ဆရာကြီး ဦးကျော်ဝင်း (ညိုဝင်း) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်နှင့် နိုင်သက်လွင်တို့က အမျိုးသားစာပေဆု ရရှိကြသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ တို့က စာပေဗိမာန် စာမူဆုရရှိကြသူများအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် စာပေဆုရရှိသူများကိုယ်စား ၂၀၁၆ ခုနှစ်အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးသာနိုး (မောင်သာနိုး) ကကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များ၊ အမျိုးသားစာပေဆုရှင်များ၊ စာပေဗိမာန်စာမူဆုရှင်များနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနား မစတင်မီ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဆုရစာပေပညာရှင်ကြီး များ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့သည်။

 

၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်နှစ်လျှင် စာပေ ပညာရှင် တစ်ဦးကိုသာ ရွေးချယ် ချီးမြှင့်ခဲ့ရာမှ ၂၀၁၂ ခုနှစ်မှစ၍မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ သုံးဦးအထိ တိုးတက်ချီးမြှင့်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုကို နှစ်ဦးချီးမြှင့်နိုင်ခဲ့သည်။ ယခု ၂၀၁၆ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို သုံးဦးချီးမြှင့် ခဲ့ကြောင်း သိရသည်။