နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်

လဟယ် ဇန်နဝါရီ ၁၅

၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရိုးရာကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များ၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီနာယကနှင့် အဖွဲ့ဝင်များ၊ ဒေသခံ နာဂတိုင်းရင်းသား တိုင်းရင်းသူများ၊ ရပ်မိရပ်ဖ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး အခမ်းအနားသဘာပတိ နာဂတိုင်းရင်းသား ဦးမွန်ပီက အဖွင့်အမှာစကား ပြောကြားကာ နာဂတိုင်းရင်းသူ ဒေါ်ခေါင်က နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်းကို ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် နာဂရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင် သောင်းက ဖတ်ကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နာဂ ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီနာယက ဦးရူစံကြူးက ကျေးဇူးတင် စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက နာဂရိုးရာ နှစ်သစ်ကူးလက်ဆောင် ပေးအပ်ပြီး နိုင်ငံတော်သမ္မတက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၄၀၀၀ နှင့် သွပ်အချပ် ၃၀၀၀ ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌထံပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက နာဂဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားသဘာပတိက နိဂုံးချုပ် စကားပြောကြားပြီး နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအတွက် ဆုတောင်းစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံနာဂတိုင်းရင်းသားများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး နာဂ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် နာဂရိုးရာလက်မှုပြခန်းနှင့် ယဉ်ကျေးမှုပြခန်းတို့ကို ကြည့်ရှုပြီး နာဂရိုးရာပန်တုံးထုပွဲတွင် ပါဝင်ဆင်နွှဲကြကာ ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် စာရာမေရိရိပ်သာ၌ ပြည်ထောင်စု ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တ သုမန အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုပစ္စည်းနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုမီးပုံပွဲသို့ တက်ရောက်အားပေးကြသည်။

ရိုးရာယဉ်ကျေးမှုမီးပုံပွဲကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် နာဂရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုတို့က မီးထွန်းညှိဖွင့် လှစ်ပေးပြီး မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက အလှည့်ကျ ကပြဖျော်ဖြေ ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်သည်။