နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းလှိုဏ်ဂူတော်အတွင်းမှ ဗုဒ္ဓရုပ်ပွားတော်များနှင့် ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းလှိုဏ်ဂူတော်အတွင်းမှ ဗုဒ္ဓရုပ်ပွားတော်များနှင့် ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို

 

တောင်ကြီး ဖေဖော်ဝါရီ

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုကြရာ နိုင်ငံတော်သမ္မတက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းလှိုဏ်ဂူတော်အတွင်း သီတင်းသုံးလျက်ရှိသည့် ဟိုပုံးကိုရင်လေး ရှင်ပေါရိဿအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် ထမ်းစမ်းလှိုဏ်ဂူတော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီး လှိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပ္ပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်း များ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်သို့ ရောက်ရှိကြရာ ဒေသခံပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများကကြိုဆိုကြရာ နိုင်ငံတော်သမ္မတကရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် တပ်မတော်အထူး လေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။