နိုင်ငံတော်သမ္မတဦးဝင်းမြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတဦးဝင်းမြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ရဝမ် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရန်နမ်းဖုန်၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းမွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုတာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် (ခ)ဦးကျော်စိန်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဥ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်စောတို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို ယခုကဲ့သို့ စုံစုံညီညီ တွေ့ခွင့်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း။

မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး၍ ဆောင်ရွက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပြည်ထောင်စု တိုင်းရင်းသားအားလုံး လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးစားနေပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးမီ ကြားကာလဖြစ်သည့် ယခုအချိန်တွင် လည်း တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် ပြည်ထောင်စုအဆင့်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသည့် တိုင်းရင်းသားများအလိုက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သက်ဆိုင်ရာလူမျိုးစုများက တိုက်ရိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ဖြစ်ကြပါကြောင်း၊ မိမိတို့နှင့် သက်ဆိုင်သည့် လူမျိုးစုများ၏အရေးကိစ္စများကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများလည်း ဖြစ်ကြပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စရပ်များတွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ ပါဝင်ကူညီဆောင်ရွက်ပေးရန် လိုအပ်လှပါကြောင်း။

အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ ပါဝင်ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့အထိ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း လက်မှတ် မရေးထိုးရသေးသည့်အဖွဲ့များ ကျန်ရှိနေသေးသည့် အချို့ဒေသများတွင် တိုက်ပွဲများဖြစ်နေဆဲရှိသည်ကို ဝန်ကြီးများအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်နေ သေးသည့်အဖွဲ့များ NCA လက်မှတ်ရေးထိုးရေး၊ တိုက်ပွဲများရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် မည်သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို စဉ်းစားသုံးသပ်ပြီး တတ်နိုင်သမျှကူညီပံ့ပိုးကြစေ လိုပါကြောင်း။

တိုင်းရင်းသားလူမျိုးပေါင်းစုံ မတူကွဲပြားကြွယ်ဝမှုသည် ပြည်ထောင်စု၏ အလှတရားဖြစ်ပြီး သဘောထားချင်း ထင်ဟပ်ညှိနှိုင်းပေါင်းစပ်လိုက်ပါက မိမိတို့နိုင်ငံအတွက် အင်အား ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်လျှောက်လှမ်းကြရာတွင် မတူညီသည့် မျိုးနွယ်စုများအကြားနားလည်မှု၊ ယုံကြည်မှုများတိုးပွားလာခြင်းဖြင့် မလိုလားအပ်သည့် ပဋိပက္ခများလျှော့ချနိုင်ပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှုများကို မြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် မျိုးနွယ်စုများအချင်းချင်း အကြားတွင် သင်္ကာ မကင်းမှုများ၊ စိုးရိမ်မှုများ၊ အငြင်းပွားမှုများ လျော့နည်းစေအောင် ယနေ့တက်ရောက် လာကြသည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက ကြားဝင်ပြီး ရင်ကြားစေ့ပေးနိုင်ခြင်း ကလည်း အခရာကျပါကြောင်း။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ပြည်ထောင်စုမပြိုကွဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့် အဓိကဆက်စပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို စကားဖြင့် ပြောဆိုတည်ဆောက်နေ၍ မရပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားမှု၊ တစ်ဦး၏အခက်အခဲကို တစ်ဦးကနားလည်နိုင်မှု၊ တစ်ဦး၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို တစ်ဦးကလေးစားမှု စသည်တို့ရှိမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့်လည်းမိမိတို့ သက်ဆိုင်ရာ မျိုးနွယ်စုနှင့် သာမကဘဲ ပြည်ထောင်စု၏ အခြားတိုင်းရင်းသားများနှင့် အမြဲထိတွေ့ ဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ မြင်ပါများသည့်အခါ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ရင်းနှီးကျွမ်းဝင်သည်နှင့်အမျှ ယုံကြည်မှု တိုးပွားလာမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသား မျိုးနွယ်စုများနှင့် တစ်ခြားတိုင်းရင်းသားများ ထိတွေ့ဆက်ဆံမှု ပိုရရှိမည့်ကိစ္စရပ်များ၊ နားလည်မှု ပိုမိုရရှိနိုင်မည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလို ပါကြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့တိုင်းရင်းသား လူမျိုးစု များနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးရမည့်ကိစ္စများ၊ အကြံပြုလိုသည့် ကိစ္စများရှိပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် နိုင်ငံတော်အကျိုး၊ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ် အကျိုးနှင့် မိမိတို့တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် ဒေသစွဲပါတီစွဲ မထားဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ကြမည် ဟုလည်း ယုံကြည်ပါကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီအတွက် လုပ်ဆောင်နေခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယင်းကို တိုင်းရင်းသား ပြည်သူများအားလုံး နားလည်သဘောပေါက်ပြီး နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပါဝင်လာရန်အတွက် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအနေဖြင့် မိမိသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများကို ရှင်းပြပေးစေလိုပါကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ပိုမိုထိတွေ့ ဆက်ဆံပြီးတစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ လေးစားမှုများကိုအပြန်အလှန် တည်ဆောက်ကြပါ၊ ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းနေစေရန် ဆောင်ရွက်ပေးကြပါ၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်စွာ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြပါဟုပြောကြားသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နန်းစံဝင့်ခိုင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဥ္ဇာမျိုးနှင့် အင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် တို့က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းနိုင်ရေးနှင့်ငြိမ်းချမ်းရေးရရှိနိုင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသား စာပေသင်ကြားရေး၊ ဆရာဆရာမများ ခန့်ထားရေး၊ သင်ရိုးညွှန်းတမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရေးနှင့် ခေတ်နှင့်အညီ မြှင့်တင်နိုင်ရေးအတွက် အထူးအားပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသားများအားလုံး ခွင့်တူညီတူ၊ တန်းတူညီမျှရှိစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းမည်ဖြစ်ပြီး ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ယင်းကို တိုင်းရင်းသားအားလုံး ထဲထဲဝင်ဝင် သိရှိနားလည် သဘောပေါက်ရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေဖြင့် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရာတွင် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။