ဒုတိယသမ္မတဦးမြင့်ဆွေ GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Printer-friendly versionSend by email

ဒုတိယသမ္မတဦးမြင့်ဆွေ GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ ၂၂

GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနားကိုယနေ့ နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

မိတ်ဆက်ပွဲအခမ်းအနားသို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးအောင်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ Myanmar Barcode Association ဥက္ကဋ္ဌဦးဝေဖြိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက GS1၏ သမိုင်းကြောင်းနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ GS1 Myanmar Barcode ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် GS1 Myanmar Barcode ကိုအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ Myanmar Barcode Association ဥက္ကဋ္ဌဦးဝေဖြိုးက GS1 Barcode အားမြန်မာ Prefix ဖြင့် လွယ်ကူစွာရယူသုံးစွဲနိုင်ရေးအတွက် GS1 Global အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်အရMyanmar Barcode Association ( MBA ) ကိုဖွဲ့စည်းခဲ့မှုအခြေအနေ၊ GS1 Myanmar ၏ ဝန်ဆောင်မှုများ၊ GS1 Myanmar Memberအဖြစ် လျှောက်ထားနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းထုတ်ကုန် ပစ္စည်းများအတွက် GS1 Myanmar Barcode သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးဝင်းနှင့် ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်းရေးမှုးချုပ် ဦးအေးဝင်း၊ Myanmar Barcode Association ဥက္ကဋ္ဌဦးဝေဖြိုးနှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းနာယက ဒေါ်ဝင်းဝင်းတင့်တို့က GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနားကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်း လိုက်သည်။

ထို့နောက် GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနား ဒုတိယပိုင်းကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။

မြန်မာနိုင်ငံ၏ ထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီလာစေရန်အတွက် ကုန်ပစ္စည်းများတွင် Standard နှင့်အညီ အမှတ်တံဆိပ်တပ်ဆင်နိုင်မည်ဖြစ်ပြီး GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိ စေရန် ရည်ရွယ်၍ GS1 Myanmar Barcode မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး GS1 Myanmar Barcode ကို သုံးစွဲခြင်းအားဖြင့် Supply Chain တစ်လျှောက် မည်သည့်နေရာတွင်မဆို ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက် များအား တိကျမြန်ဆန်စွာ သိရှိနိုင်ခြင်း၊ ကုန်ပစ္စည်းများလေလွင့်ပျက်စီး ဆုံးရှုံးမှုများ လျှော့ချနိုင်ခြင်း၊ ကုန်ပစ္စည်းဖြန့်ဖြူးခြင်းနှင့် သိုလှောင် ခြင်းတို့တွင် စနစ်တကျ ထိန်းချုပ်နိုင်ခြင်းနှင့် GS1 Barcode များကို တစ်ကမ္ဘာလုံး လက်ခံသုံးစွဲသည့်အတွက် မိမိတို့၏ ကုန်ပစ္စည်းများအား ပြည်တွင်းရှိမည်သည့် လက်လီဆိုင်များတွင်မဆိုရောင်းချနိုင်သည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင်လည်း အဆင်ပြေလွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။