နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီးသတ္တသတ္တာဟ (၇)ဌာနအား လှည့်လည် ဖူးမြော်ကြည်ညို

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီးသတ္တသတ္တာဟ (၇)ဌာနအား လှည့်လည် ဖူးမြော်ကြည်ညို

ဂယာ ဖေဖော်ဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယနိုင်ငံဘီဟာပြည်နယ် ဂယာမြို့ရှိဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်တွင် ထားရှိ အပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ် အား ပေးအပ်လှူဒါန်းပြီးသတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ် ဖြင့် နယူးဒေလီမြို့မှ ထွက်ခွာကြရာ အိန္ဒိယနိုင်ငံအစားအသောက်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာဒုတိယဝန်ကြီးရှရီရာမစ်ရှ်ဝါ တီလီ၊ မြန်မာစစ်သံမှူးဗိုလ်မှူးချုပ်သိန်းဇော်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဂယာမြို့သို့ ရောက်ရှိကြရာမြန်မာကောင်စစ် ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂယာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Mahabodhiဟိုတယ်သို့ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ မဟာဗောဓိစေတီတော်သို့ သွားရောက်၍ မဟာဗောဓိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတော်တို့ကို ဆက်ကပ်လှူဒါန်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ ဂယာမြို့ မဟာဗောဓိစေတီတော်အနီးရှိ ဗုဒ္ဓဂါယာမဟာဗောဓိပင်နှင့် ရွှေပလ္လင်တော်၌ ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ် ပေးအပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို ကြသည်။

ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ် ပေးအပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ ပရဒေသီသံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗုဒ္ဓဂါယာမြန်မာကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအမှူးပြုသောဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမား၊ မြန်မာကောင်စစ် ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့က ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပေးအပ်လှူဒါန်းရာ B.T.M.C ဆရာတော် ဦးစာရိန္ဒ(အိန္ဒိယ) ကလက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်၊ ပရဒေသီသံဃနာယက အဖွဲ့ဥက္ကဋ္ဌဗုဒ္ဓဂါယာမြန်မာကျောင်းဆရာတော် အမှူးပြုသောဆရာတော် သံဃာတော်များက ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ကျမ်းဂန်တော်လာ ထုံးတမ်းစဉ်လာများနှင့်အညီ ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိသ် သွန်းတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆရာတော် သံဃာတော်များအားလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဂါယာမြန်မာကျောင်းတိုက်အုပ် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တတေဇိန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မဟာဗောဓိပင်အား ရွှေဆိုင်းများ ဆက်ကပ်လှူဒါန်းပြီး အဖွဲ့ဝင်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မဟာဗောဓိစေတီတော် အထက်ပစ္စယာရှိဘူမိဖဿ ဗုဒ္ဓရုပ်ပွားတော်မြတ်အားပန်း၊ ရေချမ်းနှင့် ရွှေကြာသင်္ကန်းတို့ကိုဆက်ကပ် လှူဒါန်းပြီးသတ္တသတ္တာဟ(၇)ဌာနကို လှည့်လည်ဖူးမြော်ကြည်ညိုကာ ဆဋ္ဌမသတ္တာဟဖြစ်သည့် မုဥ္စလိန္ဒာရေကန်၌ ငါးစာကျွေးပြီးဒါနပြုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဗုဒ္ဓဓာတ်ပုံပြခန်းကို သွားရောက်ကြည့်ရှုလေ့လာပြီး Meditation Park ၌ ငြိမ်းချမ်းရေးခေါင်းလောင်းထိုးကြသည်။

ထို့နောက် ဗုဒ္ဓဂါယာရှိဧည့်ခန်းမဆောင်သို့ရောက်ရှိရာဗုဒ္ဓဂါယာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဗုဒ္ဓဂါယာနှင့် သတ္တသတ္တာဟ(၇)ဌာန၏ နောက်ခံသမိုင်းအကျဉ်းနှင့် အဆိုပါ နေရာများအား ထိန်သိမ်းကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သတ္တသတ္တာဟ(၇) ဌာနဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် ဗုဒ္ဓဂါယာ မြန်မာဘုန်းတော်ကြီးကျောင်း သို့ ရောက်ရှိကြပြီးမြန်မာကျောင်းပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏိန္ဒ အမှူးပြုသော မဟာအောင်မြေကျောင်း၊ ရခိုင်မွန်ကျောင်း၊ ကမ္ဘောဇရှမ်းကျောင်း၊ မဟာဗောဓိဓမ္မရိပ်သာကျောင်း၊ ရခိုင်ကျောင်းနှင့် ရာမညမွန်ကျောင်းစသည့် ဗုဒ္ဓဂါယာရှိမြန်မာဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းတို့မှ ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုပြီးပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များကနိုင်ငံတော်ဗဟိုသံဃဝန် ဆောင်၊ ပရဒေသီသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗုဒ္ဓဂါယာမြန်မာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဉာဏိန္ဒထံမှ ငါးပါသီလခံယူ ဆောက်တည် ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရစ္ဇျာယ်သော မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ကအခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူသော ဗုဒ္ဓဂါယာမြန်မာကျောင်းဆရာတော်ကြီးအမှူးပြုသော ဆရာတော်များအား နဝကမ္မ အလှူငွေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓဂါယာ မြန်မာကျောင်းတိုက်အုပ်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တတေဇိန္ဒထံမှ အနုမောဒနာတရားနာကြားကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မင်းတုန်းမင်းကျောက်စာကို သွားရောက်လေ့လာကြည့်ရှုကြပြီး ဂျပန်ဘုရား (Daijokyo Buddhist Temple)သို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဗုဒ္ဓဂါယာ မြန်မာကျောင်းတိုက်အုပ်ဆရာတော်နှင့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျပန်ဘုရားမှ တာဝန်ရှိသူများနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Mahabodhiဟိုတယ်သို့ ပြန်လည် ရောက်ရှိကြပြီး ညအိပ်ရပ်နားကြသည်။