နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချိုတို့ အိန္ဒိယနိုင်ငံအဂရာမြို့ရှိ တာ့ဂ်ျမဟာ၊ AKLAKRITI ရွှေချည်ထိုးနှင့် ကျောက်ဆစ်လုပ်ငန်းသွားရောက်ကြည့်ရှုလေ့လာ

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချိုတို့ အိန္ဒိယနိုင်ငံအဂရာမြို့ရှိ တာ့ဂ်ျမဟာ၊ AKLAKRITI ရွှေချည်ထိုးနှင့် ကျောက်ဆစ်လုပ်ငန်းသွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၉

အိန္ဒိယနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် အိန္ဒိယနိုင်ငံအဂရာမြို့ရှိတာ့ဂ်ျမဟာ၊ AKLAKRITI ရွှေချည်ထိုးနှင့် ကျောက်ဆစ်လုပ်ငန်းများကိုသွားရောက်ကြည့်ရှုလေ့လာကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးမစ္စတာဆော်ရက်(ဘ်)ကူမားတို့နှင့် အတူယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဂယာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘီဟာပြည်နယ် စိုက်ပျိုးရေးဝန်ကြီးDr.Prem Kumar ဘီဟာပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Mr.Vijay Kumar နှင့် ဘီဟာပြည်နယ်မှ တာဝန်ရှိသူများ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီးဒေါ်ရီရီနိုင်နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများက ဂယာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့သည် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် အဂရာမြို့သို့ ရောက်ရှိကြရာ အဂရာပြည်နယ် သံတမန်အကြီးအကဲDr.Neelkanth Tiwari ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး Shri Anil Kumar အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် အဂရာပြည်နယ်မှ တာဝန်ရှိသူများကအဂရာလေတပ်စခန်း၌ အိန္ဒိယရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် Oberoi Amarvilasဟိုတယ်သို့ ရောက်ရှိကြပြီးခေတ္တရပ်နားကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အဂရာမြို့ရှိ တာ့ဂ်ျမဟာသို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက တာ့ဂ်ျမဟာအဆောက်အဦဖြစ်ပေါ်လာသည့် နောက်ခံသမိုင်း၊ တာ့ဂ်ျမဟာ၏ အနုပညာလက်ရာများကို လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဘီဟာပြည်နယ်မှ တာဝန်ရှိသူများ၊ တာ့ဂ်ျမဟာမှ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တာ့ဂ်ျမဟာ၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြကာ အမှတ်ရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ AKLAKRITI သို့သွားရောက်ပြီး စကျင်ကျောက်ကို ကျောက်ဆစ်အတတ်ပညာအသုံးပြု၍ ပြုလုပ်ရောင်းချလျက်ရှိသော ကိုးကွယ်မှုဆိုင်ရာရုပ်တုများ၊ လူအသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ လက်မှုပန်းချီကျောက်ချပ်များ၊ ရွှေချည်ထိုးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရွှေချည်ထိုးထုတ်ကုန်များ၊ လက်ဝတ်ရတနာများ၊ လူသုံးကုန် ပစ္စည်းများနှင့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာအမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် အဂရာမြို့မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ထွက်ခွာရာအဂရာပြည်နယ် သံတမန်အကြီးအကဲ Dr. Neelkanth Tiwari ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး Shri Anil Kumar အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် အဂရာပြည်နယ်မှ တာဝန်ရှိသူများကအဂရာမြို့ လေတပ်စခန်း၌ အိန္ဒိယရိုးရာ ယဉ်ကျေးမှုအကများဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ နာရီတွင် ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr.SumitSethနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။