ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာအကြံပြုတိုက်တွန်းချက်များအကောင် အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီ၏ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာအကြံပြုတိုက်တွန်းချက်များအကောင် အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီ၏ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၈

“ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာအကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာအမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေတက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဦးလှမြင့်၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာဒေါ်မြလေးစိန်၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR)” အရမြန်မာနိုင်ငံကလက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် ပတ်သက်၍ ကဏ္ဍ (၁၂)ရပ်အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီက ပြုစုတင်ပြလာသည့် အစီရင်ခံစာ (မူကြမ်း) တို့ကိုအကြံပြုသုံးသပ်နိုင်ရန်နှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်ကကျင်းပပြုလုပ်ခဲ့သည့် “အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက် ချမှတ် ခဲ့ရာဆုံးဖြတ်ချက်များအားလုံး ဆောင်ရွက်ပြီးဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ကဏ္ဍ (၁၂)ရပ် အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ တင်ပြချက်များအရနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်နေသော “အဓိကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်များ” (၄၁)ချက်တွင် ဆောင်ရွက်ပြီး (၁၃)ချက်၊ ဆောင်ရွက်ဆဲ (၂၈)ချက်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ခံဆောင်ရွက် နေသော “အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ” (၇)ချက်တွင် ဆောင်ရွက်ပြီး (၁)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ” (၄)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၂)ချက်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကတာဝန်ယူဆောင်ရွက်ရသည့် “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ” (၁၉)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၁၇)ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ်များ” (၁၀)ချက်တွင် ဆောင်ရွက်ပြီး (၄)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတာဝန်ခံဆောင်ရွက်နေသော “ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စရပ်များနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေးကိစ္စရပ်များ” (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၉)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်နှင့် ခွဲခြားမှုမပြုရေးကိစ္စရပ်များ (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၇)ချက်၊ ဆောင်ရွက်ဆဲ (၈)ချက်၊ ပညာရေးဝန်ကြီးဌာနကတာဝန်ခံဆောင်ရွက်နေသော “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များ” (၁၃)ချက်တွင် ဆောင်ရွက်ပြီး (၈)ချက်၊ ဆောင်ရွက်ဆဲ (၅)ချက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကတာဝန်ခံ ဆောင်ရွက်နေသော “ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စရပ်များ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ်များ” (၁၈)ချက်တွင် ဆောင်ရွက်ပြီး (၁၄)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စရပ်များ” (၅)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၃)ချက်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကတာဝန်ခံဆောင်ရွက်ရသည့် “စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ” (၁၂)ချက်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကတာဝန်ခံဆောင်ရွက်နေသော “နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရသူများ ကိစ္စရပ်များနှင့် လူကုန်ကူးခြင်းကိစ္စရပ်များ” (၇)ချက်တို့သည် ဆောင်ရွက်ဆဲ ကိစ္စရပ်များဖြစ်ပြီးစုစုပေါင်းအကြံပြုတိုက်တွန်းချက် (၁၆၆)ချက်တွင် ဆောင်ရွက်ပြီး (၆၂)ချက်နှင့် ဆောင်ရွက်ဆဲ (၁၀၄)ချက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ အချက်များထဲမှ စဉ်ဆက်မပြတ်လုပ်ဆောင်နေရမည့်ကိစ္စရပ်များမှလွဲ၍ ကျန်ကိစ္စရပ် များကိုသတ်မှတ်ချိန်အတွင်းပြီးစီးအောင် အလေးထားဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။

ကဏ္ဍ (၁၂)ရပ်အလိုက် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများတင်ပြလာမှုအပေါ် အခြေခံ၍ အစီရင်ခံစာ (မူကြမ်း) အားရေးသားပြုစုပြီးဖြစ်ပါကြောင်း၊ အဆိုပါ အစီရင်ခံစာ(မူကြမ်း) ကိုအမျိုးသားအဆင့် ကော်မတီဝင်များအားလုံးသို့ ဖြန့်ဝေပေးပြီး ဖြစ်သဖြင့် အကြံပြုလိုသည့်အချက်များရှိပါကဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်း၊ အစီရင်ခံစာ (မူကြမ်း) တွင် အပိုင်း (၅)ပိုင်းပါဝင်ကာမိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအသေးစိတ်ကို ထည့်သွင်းဖော်ပြထား ပါကြောင်း။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ တင်ပြမှုအရဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့ အစည်းအဝေးကိုကျင်းပပြုလုပ်မည်ဟုသိရှိရသည့်အတွက် UPR အစီရင်ခံစာ (မူချော) မြန်မာဘာသာကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဒုတိယပတ်အတွင်းအပြီးသတ်ပြုစု ဆောင်ရွက်ရန်နှင့် အင်္ဂလိပ်ဘာသာပြန်ဆိုမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလပထမပတ် အတွင်းအပြီးသတ် ရေးသားပြုစုနိုင်ရေးအထူးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးကဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ အစီရင်ခံစာ(မူချော) အားမြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုပြီးချိန်တွင်လည်း UPR ဆိုင်ရာအကြံပြုတိုက်တွန်းချက်များ နှင့် စပ်လျဉ်း၍ မိမိတို့၏ဆောင်ရွက်ချက်များထဲမှ အထူးအလေးပေးဖော်ပြလိုသည့် ကိစ္စရပ်အသစ်များရှိပါက “အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ” ထံသို့ပေးပို့ ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

ယနေ့ကာလတွင် မိမိတို့နိုင်ငံအပေါ် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာကနည်းမျိုးစုံဖြင့် ဝိုင်းဝန်းထိုးနှက်နေသည့် အချိန်ဖြစ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဘက်မှ မည်သို့ပင်ဖြေရှင်း ကြိုးပမ်းဆောင်ရွက်နေသော်လည်းအချို့သောနိုင်ငံများနှင့် အဖွဲ့အစည်းများကမိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်မပြုဘဲသက်သေခိုင်လုံမှုမရှိသည့် အကြောင်းအရာများကိုအခြေခံပြီးစွပ်စွဲပြောဆိုနေကြသည်ကိုလည်းစိတ်မကောင်းစွာတွေ့ရှိနေရပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ၏ စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်းကိုအကောင်းဆုံးသက်သေပြနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှသာမိမိတို့ နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် မလိုလားအပ်သောဘေးအန္တရာယ်များကို ဖယ်ရှားနိုင်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး နှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပဖိအားများအပေါ် မည်မျှထိရင်ဆိုင်ဖြေရှင်းနေရသည်ကို ပြည်သူများသိရှိအောင်ချပြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့နည်းတူ ပြည်သူများကလည်းတစ်ဖက်တစ်လမ်းကဝိုင်းဝန်းပူးပေါင်းကာကူညီဆောင်ရွက်ပေးလာအောင် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ INGO ၊ NGO များနှင့် CSO များ၏ အားကိုလည်းရယူဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို အလေးအနက်ထားထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ရေးသားပြုစုနေသည့် အမျိုးသားအဆင့် အစီရင်ခံစာ (National Report) သည် ပိုမိုပြီးပြည့်စုံလာမည်ဟုထင်မြင်ယူဆပါကြောင်း။

တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းကော်မတီနှင့် ကော်မတီများ၏ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကြောင့် ယခုဆိုလျှင် National Report သည် ပီပီပြင်ပြင်ရုပ်လုံးပေါ်လာပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ကလည်းတာဝန်ယူထားသည့် ကဏ္ဍအလိုက် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ပေးနေကြသည့်အတွက် တာဝန်ရှိသူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြုစုရေးသားထားသည့် National Report ကိုကြည့်ရှုလေ့လာမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများမရှိသည်ကိုဖော်ထုတ် ပြသနိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများနည်းတူလူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံကအစွမ်းကုန်ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အစီရင်ခံစာ(မူကြမ်း) အပေါ် အကြံပြုလိုသည်များ နှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာအကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူက အမျိုးသားအဆင့်ကော်မတီ ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက် (၁၆၆)ချက် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကဏ္ဍ (၁၂)ရပ်နှင့် စပ်လျဉ်း၍ တာဝန်ခံဆောင်ရွက်နေသည့်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။

ယင်းနောက် “အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရမြန်မာနိုင်ငံကတင်သွင်းမည့် အမျိုးသားအဆင့် အစီရင်ခံစာ (မူကြမ်း)နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကျော်တင်နှင့်ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးလှမြင့်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ကလူ့အခွင့်အရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ် (၅) အရ မြန်မာနိုင်ငံကတင်သွင်းမည့် အစီရင်ခံစာ(မူကြမ်း)နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကိုအကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေကအကြံပြု ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။