ဒုတိယသမ္မတဦးမြင့်ဆွေ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတဦးမြင့်ဆွေ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဧပြီ ၃

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ”၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ”ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ပြည့်နှစ်၊ မတ်လ၃၀ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၃/၂၀၂၀ဖြင့် ဒုတိယသမ္မတ (၁) ဦးဆောင်၍ (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ခဲ့ပါကြောင်း။

အဆိုပါလုပ်ငန်းတာဝန် (၁၁)ရပ်မှာ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေသည့် COVID-19 ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့သူများ အားလုံးကို ရောဂါလက္ခဏာ ပြသသည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံး စစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံနှင့်ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍စနစ်တကျ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရာတွင် COVID-19 ရောဂါပိုးကူးစက်သူများ တွေ့ရှိရပါက ယင်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ စနစ်တကျ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ဒေသတစ်ခုတွင် လည်းကောင်း၊ ဒေသတစ်ခုထက် ပို၍လည်းကောင်း ကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာခဲ့ပါက ယင်းဒေသရှိပြည်သူများကို “COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ”၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍ Community Quarantine ပြုလုပ်ရန် လိုအပ်လာပါက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဆောင်ရွက်ရန်။

ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှု စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားလာသည့် ဒေသများ၊ မြင့်မားလာရန် အလားအလာရှိသည့်ဒေသများ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက် မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည့် ဒေသများတွင် Community Quarantine ပြုလုပ်သည့်အခါ ပြည်သူများ အတိအကျ လိုက်နာ ဆောင်ရွက်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ရန်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်သတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက်ဆောင်ရွက်ရာ၌ အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်။

ဒေသများ၌ Community Quarantine ပြုလုပ်ရပါက မရှိမဖြစ်လိုအပ်သည့် အရောင်းဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ မရှိမဖြစ်လည်ပတ်ရန် လိုအပ်သည့်စက်ရုံ၊ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရေး၊ ယင်းအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များ ချမှတ်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ COVID-19 နှင့်စပ်လျဉ်း၍စောင့်ကြပ်ကြည့်ရှုရမည့်သူများကို Community Based Facility Quarantine ထားရှိမည့်နေရာများသို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ကူးစက်ရောဂါဖြင့် သေဆုံးသွားသူများအား သင်္ဂြိုဟ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း စနစ်တကျ လုပ်ငန်းစဉ်များ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ်များနှင့်အညီ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန်။

COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလာနိုင်သည့် အဆိုးဆုံးအခြေအနေအထိ ကြိုတင်မျှော်မှန်း၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ဆေးဝါး၊ Facility ၊ Test Kits ၊ PPE စသည့်ဆေးပစ္စည်းများ၊ ယာဉ်များ၊ Community Based Facility Quarantine ထားရှိရန်နေရာများ၊ မိမိဆန္ဒအလျောက်ဆန္ဒပြုပါဝင်ဆောင်ရွက်မည့် Volunteer များစသည့် အရင်းအမြစ်များကို အဆင့်လိုက် ကြိုတင်ပြင်ဆင် စုဆောင်းခြင်းအားဖြင့် လက်တွေ့ လုံလောက်စွာ စီစဉ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ပြည်သူများအတွင်း ကြောက်လန့်တကြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှား ဖြန့်ဝေနေသူများကို အမြန်ဆုံးဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်သူများအတွင်း ဆေးဝါး၊ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ်သက်သက် ရရှိရေးအတွက် ဈေးတင်ရောင်းချနေသူများအား အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်။

COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများ ထုတ်ပြန်ခြင်းစသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊နယ်စပ်ဝင်ပေါက်များ၊အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှတရားမဝင်ဝင်ထွက်သွားလာမှုများ မရှိစေရေး၊ လုံခြုံရေးနှင့် အဂတိလိုက်စားမှုများ မရှိစေရေးအတွက် တိုင်ကြားရန် ဌာနများ အမြန်ဆုံးဖွင့်လှစ်ခြင်း၊ စည်းမျဉ်းချိုးဖောက်သူများအား ဖော်ထုတ်အရေးယူခြင်း၊ လိုအပ်လျှင် လုံခြုံရေးအစောင့်အရှောက် ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ရန်။

“Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ”၏ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံးဖွင့်လှစ်၍ ကော်မတီ၏တာဝန်များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းများ ဖွင့်လှစ်ခြင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်လိုက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရန်နှင့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိူးသားအဆင့် ဗဟိုကော်မတီ”မှ ပေးအပ်သော အခြားတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ပါက “လုပ်ငန်းကော်မတီ”နှင့် “ဆပ်ကော်မတီ”များ ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သော ကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၀ပြည့်နှစ်၊ မတ်လ၁၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခြင်းမပြုမီကပင် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၅ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနိုင်ရေးအတွက် အမျိုးသားအဆင့် ဗဟိုကော်မတီနှင့်ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ရောဂါကို ၂၀၂၀ပြည့်နှစ်၊ မတ်လ၂၃ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ဧပြီလ၂ရက်နေ့အထိ ရောဂါပိုး ကူးစက်ခံရသူ “၂၀”တွေ့ရှိထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ၂၀အနက် (၁)ဦးသည် မတ်လ၃၁ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည့်အတွက် Coronavirus Disease 2019 (COVID-19) ကို ယခုထက် ပိုမိုထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန်နှင့်ရှောင်ရန်အချက်များ”နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထုတ်ပြန်ထားသည့် “ဒေသန္တရအမိန့်များ”ကို တစ်ဦးချင်း အလေးအနက်ထားကာ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ထို့အပြင် COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာများနှင့် အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း စသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား သတ်မှတ်ထားသော နေရာများတွင် (၁၄)ရက်ထားရှိ၍ အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်ခြင်း (Community-based Facility Quarantine)၊ ဟိုတယ်များတွင် အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်ခြင်း (Hotel Quarantine)၊ နေအိမ်များတွင် အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်ခြင်း (Home Quarantine) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၏ အင်အားဖြင့်သာ ဆောင်ရွက်၍ မရနိုင်သည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ စေတနာ့ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း ပါဝင်ကြီးကြပ် ဆောင်ရွက်ပေးမှသာ လုပ်ငန်းထိရောက် အောင်မြင်ပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့လျက်ရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပြင် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကိုလည်း နိုင်ငံတိုင်း တွေ့ကြုံရင်ဆိုင်နေရပါကြောင်း၊ နိုင်ငံများအနေဖြင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် Stimulus Package များကို မိမိနိုင်ငံ၏အခြေအနေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ ဘဏ်တိုးနှုန်းများ လျှော့ချပေးခြင်း၊ အတိုးနှုန်းသက်သာသည့် ဘဏ်ချေးငွေများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အခွန်ပေးဆောင်ရမည့် ကာလရွှေ့ဆိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဌာနအသီးသီးက ကောက်ခံသည့် လိုင်စင်ကြေး၊ ပါမစ်ကြေးအပါအဝင် အခကြေးငွေများကိုလည်း လျှော့ချကောက်ခံပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင်ကုန်စည်စီးဆင်းမှုတွင် အထောက်အကူဖြစ်စေရေးအတွက် လမ်းတံတားဖြတ်သန်းခများ လျှော့ချကောက်ခံခြင်း၊ ကင်းလွတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါကြောင့် တစ်နိုင်ငံလုံး အကျိုးအတွက် လိုအပ်လျှင် အချို့သောနေရာများတွင် အသွားအလာ ကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ကန့်သတ်မှုမျိုးကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို စီမံချက်များ ရေးဆွဲ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။

Quarantine ပြုလုပ်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများ၊ ပြည်သူများအတွင်း ကြောက်လန့်တကြား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှားဖြန့်ဝေနေသူများ၊ ဆေးဝါး၊ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ် သက်သက်ရရှိရေးအတွက် ဈေးတင်ရောင်းချ နေသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်သူများသိရှိစေရေး ချပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

နှစ်နိုင်ငံနယ်နိမိတ်နှင့် ထိစပ်လျက်ရှိသော ဒေသများအပါအဝင် တရားဝင်ဝင်/ ထွက်ပေါက်များမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်၍ အထူးပြောကြား လိုသည်မှာ ၎င်းတို့အနေဖြင့် သတ်မှတ်နေရာများတွင် စည်းကမ်းချက်များနှင့်အညီ Quarantine ပြုလုပ်မှုကို ကြည်ဖြူစွာ လက်ခံပူးပေါင်းပေးကြရေး စည်းရုံးဆောင်ရွက် သွားကြရန်နှင့် စည်းရုံးခြင်းဖြင့် ဆောင်ရွက်၍မရပါက သက်ဆိုင်ရာဥပဒေအရ အရေးယူ သွားမည်ဆိုသည်ကို သိရှိအောင် ချပြကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည်ကို အားလုံးနားလည် သဘောပေါက်ထားရန် လိုအပ်ပါကြောင်း။

ထို့ပြင် Coronavirus Disease 2019 (COVID-19) ကူးစက်မှုသည် ယခုထက်ပိုမိုကျယ်ပြန့်များပြားလာပါက ထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပွားနေသည့် နယ်မြေ၊ ဒေသအလိုက်လုံခြုံရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ အဆိုပါနယ်မြေ၊ ဒေသအတွင်း အခြေခံဝန်ဆောင်မှုများ ပုံမှန်ပေးနိုင်ရေး၊ အစားအစာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေး၊ အထောက်အပံ့ လိုအပ်သူများ အတွက် အစားအစာနှင့် အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေး၊ အခြေခံ ကုန်စည်ပို့ဆောင်ရေး၊ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရေး လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွဲ့စည်းထားရှိရေး၊ ဆေးဝါးကုသရေးအတွက် လိုအပ်သည့် ပစ္စည်းများနှင့် အဆောက်အအုံများကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ယခုကတည်းက စီမံချက်များ စနစ်တကျရေးဆွဲကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထားရှိနိုင်ရေးအတွက် လိုအပ်ချက်များကို သေချာစွာ တွက်ချက်ကာ ထပ်မံဝယ်ယူသွားရန်နှင့် ဝယ်ယူရာတွင်လည်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ စိစစ်ဝယ်ယူ အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်သိပြည်သူများ၏ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့အနေဖြင့် အသိအမှတ်ပြုမှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ၎င်းတို့တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ပေးနေမှု များအပေါ် နိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူလူထုများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုပါကြောင်း။

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး(၂)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အတွင်းရေးမှူးရုံးအဖွဲ့” ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အရေးပေါ်အခြေအနေတွင် တုံ့ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် ကော်မတီဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တပ်မတော်အနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တို့က Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ မိမိနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာမှု အခြေအနေများ၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။