ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀)သို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀)သို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဧပြီ ၇



စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ က ယနေ့ ကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေးသည်(၁၀)ကြိမ်မြောက်ကျင်းပသည့်အစည်းအဝေးဖြစ်ပြီး ၂၀၂၀ပြည့်နှစ်၏ ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း။

 

ဒီမိုကရေစီလူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရေး၊ အစိုးရဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အရည်အသွေးပြည့်ဝပြီး တိကျ မှန်ကန်သည့်စာရင်းအင်းများသည် မရှိမဖြစ်လိုအပ်သည့်အစိတ်အပိုင်းဖြစ်သည့်အတွက် အခြေခံစည်းမျဉ်းများနှင့်ကိုက်ညီပြီး ပွင့်လင်းမြင်သာစွာဆုံးဖြတ်ချက်ချမှတ်နိုင်သောအကျိုး ရှိစွာဆန်းစစ်နိုင်သည့်စာရင်းအင်းများကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အတွက်အချက်အလက်နှင့် မူဝါဒချိတ်ဆက်မှုသည်အလွန်အရေးပါသည့် အတွက်စာရင်း အင်းထုတ်ပြန်သူနှင့်အသုံးပြုသူအကြားအပြန်အလှန်ဆွေးနွေးမှုများကိုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတကာကတိကဝတ်များနှင့် အညီစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ(Sustainable Development Goals-SDGs)ကို အကောင်အထည်ဖော်ဆောင်နေကြသကဲ့သို့ မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကိုထည့်သွင်းထားသည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP) (၂၀၁၈-၂၀၃၀)ကိုအကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုနှင့်ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်နိုင်စေရေးအတွက် အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework-NIF)တစ်ရပ်ပေါ်ထွက်လာစေရေးကို ဗဟိုစာရင်းအင်းအဖွဲ့ကဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကာလတွင် အမျိုးသားညွှန်ကိန်းမူဘောင်လုပ်ငန်းစဉ်သည် ညွှန်ကိန်းများ၏ တူညီသည့် အဓိပ္ပာယ် သတ်မှတ်ချက်၊သဘောတရားနှင့် တွက်ချက် နည်းများပါဝင်သောအချက်အလက် Metadata များကိုဖော်ထုတ်နိုင်ရန် အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် တတိယအကြိမ်မြောက် Metadata အကောင်အထည် ပေါ်ပေါက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဗဟိုစာရင်းအင်း အဖွဲ့ကဦးဆောင်၍ဆောင်ရွက်ပြီး ဖြစ်သည်ကိုသိရှိရကြောင်း။

 

မြန်မာနိုင်ငံ၏ စာရင်းအင်းစနစ်သည် ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် စာရင်းအင်းစနစ် (Decentralized Statistical System)ဖြစ်သည့်အတွက် ယခု အမျိုးသားညွှန်ကိန်း မူဘောင်လုပ်ငန်းစဉ်တွင် ဝန်ကြီးဌာနများအနေဖြင့်သက်ဆိုင်ရာညွှန်ကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အပိုင်းများအလိုက် တာဝန်ယူဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။

 

ထို့ပြင်အမျိုးသားညွှန်ကိန်းမူဘောင်တွင်ပါဝင်သည့်ညွှန်ကိန်းများသည် MSDP တွင် ပါဝင်သည့်စီမံကိန်းများ၏ Outputs Level, Outcomes Level မျှသာမက Strategic Level, Impact Level အထိတိုင်းတာနိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် အချို့ ညွှန်ကိန်းများကိုတွက်ချက်ရာတွင်ဌာနတစ်ခုတည်းကတာဝန်ယူဆောင်ရွက်ခြင်းအပြင်ဌာနသုံးခု၊လေးခုပူးပေါင်းဆောင်ရွက်ရခြင်းများလည်းပါဝင်သည့်အတွက် ဌာနများအကြား Cooperation and Coordination ကို ပိုမိုလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ One Country, One Source, One Dataဖြစ်ပေါ်လာမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပြည်သူအကြား၊နိုင်ငံတကာအသိုင်းအဝိုင်းများအကြားတွင်ခိုင်မာသည့် ယုံကြည်မှုများတိုးမြင့်လာမည်ဖြစ်ပြီးကောင်းမွန်သည့် User-provider Relationship ကို လျင်လျင်မြန်မြန် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။

 

ထို့ပြင်ဌာနဆိုင်ရာများအကြား စာရင်းအင်းလုပ်ငန်းကိစ္စရပ်များ ချိတ်ဆက် ဆောင်ရွက်ရာတွင် အပြန်အလှန်ယုံကြည်မှုရရှိရေးနှင့် မှန်ကန်သည့် Data များ အချိန်မီရရှိစေရေးအတွက်ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (၂)ရပ်လုံးအနေဖြင့် စာရင်းအင်းနှင့်သက်ဆိုင်သည့် ဌာန၊အဖွဲ့အစည်းများအားလုံး လိုက်နာကျင့်သုံးရမည့် အချက်များကိုပြုစုပေးထားသည့် စာရင်းအင်းဆိုင်ရာကျင့်ဝတ်(Code of Practice-CoP) တစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါ ကြောင်း။

 

စာရင်းအင်းနှင့် သက်ဆိုင်သူအားလုံးစာရင်းအင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက Data သုံးစွဲသူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်သည့်စာရင်းအင်းဆိုင်ရာအစီရင်ခံစာများနှင့် Data များ ကိုရာနှုန်းပြည့်ယုံယုံကြည်ကြည် ပိုမိုအသုံးပြုလာကြမည်ဖြစ်၍ဌာနဆိုင်ရာများအနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ်အရည်အသွေးပြည့်ဝနေမှသာ မူဝါဒ ချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် လူမှု-စီးပွားသုတေသန ဆောင်ရွက်သူများစသည်ဖြင့် အားလုံးအတွက် ချမှတ်သည့် ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများနှင့် စီးပွားရေးဝန်းကျင်ကောင်းများကိုဖန်တီးနိုင်မည်ဖြစ်သည့်အပြင် ရှားပါးသည့် သယံဇာတများကိုအကျိုးရှိ ထိရောက်သည့် ခွဲဝေမှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

 

အမျိုးသားစာရင်းအင်းစနစ်ဖြစ်ပေါ်လာရေးဆောင်ရွက်ရာတွင် အကျိုးရှိထိရောက်သော ရင်းနှီးမြှုပ်နှံမှုဖြစ်စေရန် နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားမူဝါဒနှင့် မဟာဗျူဟာအပေါ်အကျိုးသက်ရောက်မှုရှိစေပြီးစာရင်းအင်းအသုံးပြုသူများ၏တောင်းဆိုချက်များ ကိုဖြည့်ဆည်းပေးရန် လိုအပ်ချက်များရင်းမြစ်များနှင့် ဆက်စပ်မှုရှိရန်အရေးကြီးပါကြောင်း။

 

ပြည်သူလူထုထံမှ ရရှိလာသည့် အချက်အလက်များမှ လျှို့ဝှက်ထိန်းသိမ်းထား ရမည့် အချက်အလက်များကို ထိန်းသိမ်းထားရှိရန်၊ စာရင်းအင်းဆိုင်ရာလုပ်ငန်းကိစ္စရပ် မှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးမပြုရန်နှင့် လိုအပ်သလိုရရှိလာသည့် အချက်အလက် များကိုတရားဝင်စာရင်းအင်းအဖြစ် ကောက်ယူ၊စုစည်း၊တွက်ချက်၊ထုတ်ပြန်သည့် အချိန်တွင်လည်း ခေတ်သစ်အမြင်နည်းလမ်းများဖြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမျိုးသား စာရင်းအင်းစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရာတွင် ဗဟိုစာရင်းအင်းအဖွဲ့တစ်ခုတည်း ဆောင်ရွက်၍မရသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်လေးလေးနက်နက်တိုက်တွန်းအပ်ပါကြောင်း။

 

ခိုင်မာသည့်အချက်အလက်များကအထောက်အထား အခြေပြုမူဝါဒအဖြစ် ပြောင်းလဲနိုင်ခြင်း “Evidence Based Policy” ဖြစ်သည့်အတွက် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ရလဒ်သည် အလွန်ကြီးမားသည့်အတွက် မိမိတို့နိုင်ငံ၏ အရင်းအနှီး လုပ်အားနှင့် အခြေခံအဆောက်အဦစသည်တို့သည် အကန့်အသတ်ဖြင့် တည်ရှိနေသည့် ရင်းမြစ်များဖြစ်သော် လည်းစာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် တတ်နိုင်သမျှရင်းနှီးမြှုပ်နှံပြီး အထိရောက်ဆုံး အသုံးချနိုင်ရန်အရေးကြီး သည့်အတွက် ကော်မတီဝင်များနှင့် လုပ်ငန်းအဖွဲ့များ အနေဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း က စာရင်းအင်းအချက်အလက်များပြည့်စုံမှန်ကန်ရေးနှင့် ထုတ်ပြန်နိုင်ရေး၊ စာရင်းအင်းနည်းဥပဒေများပြဌာန်းနိုင်ရေး၊ စာရင်းအင်းအချက်အလက်များကို ဌာနဆိုင်ရာများချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် စာရင်းအင်းဆိုင်ရာအချက်အလက် စစ်တမ်းများကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် က ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စာရင်းအင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအဖွဲ့များအလိုက်စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ သန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ကပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်းကောက်ယူခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စွမ်းအင်ဆိုင်ရာစာရင်းအင်းနှင့်စပ်လျဉ်းသည့် ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉)ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ထားရှိမှုများ၊ ပြည်သူ့အင်အား ဆိုင်ရာစာရင်းအင်းကောက်ယူရေး၊ အလုပ်သမားဆိုင်ရာစာရင်းအင်းကောက်ယူရေးနှင့် လုပ်သားအင်အားစစ်တမ်း ကောက်ယူရေးဆိုင်ရာများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အခြေခံအဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်းဖွံဖြိုးရေး စာရင်းအင်းဆိုင်ရာများ၊ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးဆိုင်ရာများ၊ သတင်းအချက်အလက်များ မှန်ကန်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ Social management imformation system အကောင်အထည်ဖော်ရေးဆိုင်ရာများ၊ မေခရိုစီးပွားစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ငွေရေးကြေးရေးစာရင်းဆိုင်ရာများ၊ ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ညွှန်ကိန်းဆိုင်ရာများ၊ မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းအင်းဆိုင်ရာများ၊ စာရင်းဇယားများ ကောက်ယူထိန်းသိမ်းရာတွင် ဝန်ကြီးဌာနများအချင်းချင်းဆက်စပ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းအင်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြ သည်။



ယင်းနောက် တစ်မျိုးသားလုံးဆိုင်ရာစာရင်းအင်းများလုပ်ငန်းအဖွဲ့၊ စစ်တမ်းများနှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များလုပ်ငန်းအဖွဲ့၊ လူမှုရေးဆိုင်ရာစာရင်းအင်းများ လုပ်ငန်းအဖွဲ့၊ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာစာရင်းအင်းများလုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းများလုပ်ငန်းအဖွဲ့၊ စွမ်းအင်ဆိုင်ရာ စာရင်းအင်းလုပ် ငန်းအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများဆိုင်ရာလုပ်ငန်းအဖွဲ့၊ မေခရိုစီးပွားရေးစောင့်ကြပ် ကြည့်ရှု ခြင်းနှင့် ငွေရေးကြေးရေးစာရင်းအင်းလုပ်ငန်းအဖွဲ့ နှင့် လူဦးရေဆိုင်ရာ စာရင်းအင်းများလုပ် ငန်းအဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ က ကဏ္ဍအလိုက် စာရင်းအင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။



ထို့နောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က စာရင်းအင်း အချက်အလက်များ ကောက်ယူခြင်း၊ စုစည်းခြင်း၊ ထုတ်ပြန်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အဆိုပါစာရင်းအင်းအချက်အလက်များသည် မူဝါဒ၊ လမ်းညွန်ချက်၊ ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်များချမှတ်နိုင်ရန်အတွက် အရည်အသွေးရှိရမည် ဖြစ်ပါကြောင်း၊ လတ်တလော ကြုံတွေ့နေရသည့်COVID-19 ကိစ္စနှင့်ပတ်သက်၍ သာမန်လက်လုပ်လက်စား မိသားစုများကို အခြေခံ စားသောက်ကုန်ထောက်ပံ့ရေးဆောင်ရွက်ရာတွင်လည်း မိသားစုများကျန်လပ်ခြင်းမရှိစေရေးနှင့် စာရင်းထပ်မသွားစေရေးအတွက် ရပ်ကွက်ကျေးရွာ အလိုက် လက်လုပ်လက်စား မိသားစုဝင်များ၏ စာရင်းအင်းများ ပြည့်ပြည့်စုံစုံရှိနေရန် လိုအပ်ပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းကဏ္ဍအသီးသီးရှိ ထိခိုက်မှုစာရင်းများ ဖော်ထုတ် ကောက်ယူပြုစုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကောက်ယူထားသည့်စာရင်းများ မှန်ကန်မှသာ ကုစားနိုင်မည့် နည်းလမ်းများကို မှန်ကန်စွာဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ အရေးပေါ်ကာလဖြစ်စေ၊ သာမန်ကာလဖြစ်စေ စာရင်းအင်းအရည်အသွေး ပြည့်၀တိကျမှန်ကန်ခိုင်မာအောင် ဌာနအဖွဲ့အစည်းများအားလုံး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အလေးအနက်ထားပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။