နိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် COVID-19 ကပ်ရောဂါ ကင်းဝေးစေရန် မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၁၇

၁၃၈၂ခုနှစ် မြန်မာ့နှစ်သစ်ကူးတွင် နိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် COVID-19 ကပ်ရောဂါ ကင်းဝေးစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ တက်ရောက်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုကြသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယနေပြည်တော် ပျဉ်မနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယကအဘိဓဇမဟာရဋ္ဌဂုရုဒေါက်တာဘဒ္ဒန္တကဝိသာရအမှူးပြုသောဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြ သည်။

အခမ်းအနားတွင် ဈေးကုန်းဆရာတော်ထံမှ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ကကိုးပါးသီလခံယူဆောက်တည်ကြပြီးဆရာတော်၊ သံဃာတော်များကအန္တရာယ်ကင်းဘေးကင်းပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများကိုရွတ်ပွားသရဇ္စျာယ်တော်မူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ကဆရာတော်၊ သံဃာတော်များအားလှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဈေးကုန်းဆရာတော် ထံမှ အနုမောဒနာတရားနာကြားကြပြီးလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။