ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၃

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မူပိုင်ခွင့်ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့တွင် ပါရှိသည့် ပုဒ်မ၄(က)အရပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည့် “မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီ” ၏ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း။

ယနေ့အချိန်အခါတွင် နည်းပညာများနှင့်ယှဉ်ပြိုင်မှုများ တိုးတက်လာခြင်းနှင့်အတူ တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလာသည့် အတွက်ကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီး တွင် ပိုမိုအရေးပါလာပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုသည် ပိုမိုကြီး မားလာပါကြောင်း။

မိမိတို့မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၏ မူလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါကြောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation-ASEAN)အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၂၀၀၁ ခုနှစ်၊ မေလ(၁၅)ရက်နေ့ တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Properties Organization, WIPO) ၏ ၁၇၆ နိုင်ငံမြောက် အဖွဲဝင်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်း များကို ဝင်ရောက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေ သော မူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ (ASEAN Framework Agreement on Intellectual Property Cooperation) ပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် မူပိုင်ခွင့်ဥပဒေများရေးဆွဲခြင်း နှင့် အတည်ပြုရေး လုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ)မှ ဆောင်ရွက်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခန့်ကြာခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက် နေ့တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို မူကြမ်း ရေးဆွဲခြင်းနှင့် အတည်ပြုရေးလုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း အတည်ပြုပြဋ္ဌာန်းပြီးသော မူပိုင်ခွင့်ဥပဒေများအရ မူပိုင်ခွင့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားပါကြောင်း။

နိုင်ငံတော်တွင် မူပိုင်ခွင့်စနစ်တစ်ရပ် ထူထောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်း နှင့်ကိုက်ညီရန်လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွား ရေး၊ ပညာရေး စသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေရှိသည့်စနစ် တစ်ခု ဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ကို အကောင်အထည်ဖော် သည့်နေရာတွင် ဥပဒေ(၄)ရပ်လုံးကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ခြင်း ထက် ဥပဒေတစ်ခုပြီးမှတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ကြုံတွေ့ ရမည့်အခက်အခဲများကို လျော့နည်းစေနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်နိုင်နင်းမှုနှင့် နည်းပညာအခက်အခဲများ ကျော်လွှားနိုင်မှုစသည့် အကျိုးများစွာကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် အေဂျင်စီတို့တွင်လည်း မူပိုင်ခွင့်ဥပဒေများအရ ပညာရှင်များပါဝင်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရမဟုတ် သော အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်၏ မူပိုင်ခွင့်စနစ် တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်ကူညီအထောက်အပံ့များပေးရန်လိုအပ်ပါကြောင်း။

နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး “ရုပ်ဝတ္ထုအရ ပိုင်ဆိုင်ခွင့်များနည်းတူ လူတစ်ယောက် သို့မဟုတ် ပြည်သူတစ်ဦးတစ်ယောက်၏ အသိဉာဏ်နှင့်တီထွင်ဖန်တီးထားမှုများကိုလည်း အကာအကွယ်ပေးရမယ်” ဟု ဖော်ပြထားပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများတွင် “တီထွင်ဖန်တီးမှုစွမ်းရည် များနှင့် အဆင့်မြင့်နည်းပညာတိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေသောနည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းဆောင်ရွက်ရန်” ဟု မူဝါဒတစ်ရပ်အနေဖြင့်ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်နိုင်သည်ကို နိုင်ငံတော်က ယုံကြည်လက်ခံ ထားပါကြောင်း။

မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံဒေသအတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးလုပ်ငန်းစီမံချက် (AEC)ကို အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်ဥပဒေများနှင့်စပ် လျဉ်းပြီး အာဆီယံဒေသများအတွင်း လက်တွဲပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍတစ်ရပ် ပါဝင်သည့်အတွက် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် TRIPS Agreement ပါ မူပိုင်ခွင့် ဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုများကို၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့အထိ သက်သာခွင့်ရရှိထားသော်လည်း နိုင်ငံတော်အနေဖြင့် အတည်ပြုပြဋ္ဌာန်းပြီးသော မူပိုင် ခွင့်ဥပဒေများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ အေဂျင်စီနှင့်ဦးစီးဌာနတို့ကို ဥပဒေများအရ ဖွဲ့စည်းတည်ထောင် သွားရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအောက်တွင် ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် ယခင်ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မူပိုင်ခွင့်ဌာနခွဲမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များခံယူပြီး မူပိုင်ခွင့်ဌာနခွဲအနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

မူပိုင်ခွင့်ဥပဒေများကို အာဏာသက်ဝင်နိုင်ရန် လိုအပ်လျက်ရှိသည့် နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များကို ဆက်လက်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်မှုများ အသင့်ဖြစ်သည့်အခါတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာ သက်ရောက် စေမည်ဖြစ်ပါကြောင်း။

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်းမူပိုင်ခွင့် ဥပဒေများ တွင် ဖော်ပြထားပြီးဖြစ်သည့်အတွက် ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်တွင် မူပိုင်ခွင့် ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေမည့် မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မူပိုင်ခွင့်ဆိုင်ရာမူဝါဒများချမှတ်ဆောင်ရွက်ရာတွင် ဗဟိုကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ချမှတ်ဆောင်ရွက် လျက်ရှိသည့် မူဝါဒများနှင့်လိုက်လျောညီထွေရှိမည့် မူဝါဒများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူ နှင့်သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းဖြင့် စာပေအနုပညာ နှင့်စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှု အဆင့်အတန်း မြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့် အတွက်မူပိုင်ခွင့်အနေနှင့် နိုင်ငံစီးပွားရေးကို အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အထူးလိုအပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိရိယာ(Economic Develo pment Tool) တစ်ခုဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ကျင့်သုံးပေါ်ပေါက်နိုင်စေရန် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်နိုင်စေရေးအတွက် ကဏ္ဍအသီးသီးအနေဖြင့် ပါဝင်ဆောင်ရွက် ကြရန်၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လျင်မြန်စွာအကောင်အထည်ဖော် နိုင်ရေးဆောင်ရွက်ကြရန်၊ ယခုတည်ထောင်မည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် တွန်းအားတစ်ရပ် ဖြစ်စေရေးတို့အတွက် အားလုံးဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အကြံပြုချက်များရှိပါကလည်း ဗဟိုကော်မတီသို့ အချိန်မရွေး အကြံပြုတင်ပြကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးကြရန်နှင့် အားလုံးပါဝင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထူးက မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြ သည်။

ယင်းနောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဆိုင်ရာအေ ဂျင်စီဖွဲ့စည်းနိုင်ရေး၊ မူပိုင်ခွင့်ဦးစီးဌာန ဖွဲ့စည်းတည်ထောင်ခွင့်ပြုရေး၊ နိုင်ငံ့ဝန်ထမ်း မဟုတ်သော မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်များ သတ်မှတ်ရေး၊ မူပိုင်ခွင့်ဦးစီးဌာနဖွင့်လှစ်မည့် အဆောက်အဦဆောက်လုပ်နိုင်ရေး၊ မူပိုင်ခွင့်ဥပဒေများအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများ ကြိုတင်လက်ခံနိုင်ရန်အတွက် ကနဦးဖွင့်လှစ်ခြင်းကို ခွင့်ပြုရေး၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအတွက် တရားဝင်ဖွင့်လှစ်ရန် အချိန်ကာလသတ်မှတ်ရေး၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ နည်းဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းတွင် လိုအပ်သည့် လျှောက်လွှာများနှင့် အခကြေးငွေများသတ်မှတ်နိုင်ရေး၊ ကုန်အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းတွင် အခကြေးငွေကောက်ခံမည့်စနစ်များနှင့် အမျိုးသားအဆင့် မူပိုင် ခွင့်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများချမှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး အတည်ပြုချက်ရယူသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အစည်းအဝေး သို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် ပူးပေါင်း ဆောင်ရွက်နေမှု၊ မူပိုင်ခွင့်ဥပဒေများမရှိသည့်အတွက် မူပိုင်ခွင့်ချိုးဖောက်မှုများအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သက်ဆိုင်သည့် မူပိုင်ခွင့် ဥပဒေအလိုက် နည်းဥပဒေများ ရေးဆွဲထားရှိမှုနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဗဟို အလုပ်အမှုဆောင်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌတို့ကလည်း Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ယင်းနောက် မူပိုင်ခွင့်ဌာန၏ အင်တာနက်စာမျက်နှာ (Internet website) ကို မိတ်ဆက်တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များကို ပြန်လည်သုံးသပ် ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။