ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၀)သို့ တက်ရောက်အမှာစကား ပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၀)သို့ တက်ရောက်အမှာစကား ပြောကြား
 
နေပြည်တော် ဇွန် ၈
 
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
 
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ အထွေထွေအတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းအသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်အစိုးရ အနေဖြင့် COVID-19 အရေးပေါ်ကာလအတွင်း မသန်စွမ်းသူများ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အခြားကဏ္ဍများနည်းတူ နောက်ကျ မကျန်ရစ်စေရန် အရှိန်အဟုန်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသိပညာပေးမှု အပိုင်းများတွင် အမြင်အာရုံ မသန်စွမ်းသူများအတွက် မျက်မမြင်လက်စမ်းစာဖြင့် လည်းကောင်း၊ အကြားအာရုံ မသန်စွမ်းသူများအတွက် လက်သင်္ကေတပြဘာသာ စကားဖြင့်လည်းကောင်း၊ Video Clip များဖြင့်လည်းကောင်း၊ မသန်စွမ်းသူများ အတွက် Right to Information, Access to Information အသေ အချာရရှိရန် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၏ COVID-19 ဆိုင်ရာ နေ့စဉ်ဆောင်ရွက်နေမှု အခြေအနေများကို မသန်စွမ်း သူများ သိရှိစေရေးအတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
 
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း (၃၁)ဖွဲ့တို့ ဖွဲ့စည်းထားသည့် မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်း ကော်မတီက တင်ပြလာသည့် ဆင်းရဲနွမ်းပါး မသန်စွမ်းသူများနှင့် မိသားစုများ၊ Home Quarantine နေရသည့် မသန်စွမ်းသူများနှင့် မိသားစုများ၊ Facility Quarantine စင်တာသို့ အပို့ခံရသည့် မသန်စွမ်းသူများနှင့် မိသားစုများ၊ COVID-19 ရောဂါ ကိုယ်တိုင်ခံစားရသည့် မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း။ ရောဂါပိုးတွေ့ရှိသည့် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့ မှုများကိုလည်း မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီ နှင့်ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း။
 
ယခုအစည်းအဝေးတွင် COVID-19 ကာလအလွန်ရက်များတွင် ရပ်တန့်ခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များကို ယခင်ဆောင်ရွက်နေသည့် အရှိန်အဟုန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေး ပေးကြရန် ပြောကြားလိုပါကြောင်း။
 
ပြီးခဲ့သည့် အမျိုးသားကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးက ချမှတ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်(၃၇)ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု နှင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကျဉ်းချုပ်ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း၊
 
ပြီးခဲ့သည့် ပဉ္စမအကြိမ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အမျိုးသားအဆင့် အစည်းအဝေး တစ်ရပ် ကျင်းပရန်ရှိခဲ့သော်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာဆပ်ကော်မတီက မူဝါဒချမှတ်နိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့် အစည်းအဝေးများ ကျင်းပနေပါကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်ပါ ကြောင်း၊ COVID-19 ကာလအလွန်တွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ အမျိုးသားအဆင့် အစည်းအဝေး ကျင်းပပြုလုပ်သွားကြရမည် ဖြစ်ပါ ကြောင်း။
 
မသန်စွမ်းသူများအတွက် Barrier Free Community ဖြစ်ရန် အလေးထား ဆောင်ရွက်နေမှုအပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အမြင်အာရုံ မသန်စွမ်းသူများအတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအတွက် စံနမူနာပြ လုပ်ငန်းလည်းဖြစ်ပါကြောင်း။
 
အလားတူ ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပမသန်စွမ်းသူ ခရီးသွားများအတွက် အတားအဆီးကင်းမဲ့ပြီး အလွယ်တကူသွား လာလည်ပတ်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဟိုတယ်လုပ်ငန်းရှင် များနှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ၂၀၂၀ ခုနှစ် မတ် ၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါကြောင်း၊ ယင်းတွေ့ဆုံဆွေးနွေးသည့် ဆုံးဖြတ်ချက် အရ Barrier Free Tourism Pilot Project ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုအဆင့် သို့မဟုတ် အမျိုးသားအဆင့် အစည်းအဝေးတွင် စီမံချက် တင်ပြဆောင်ရွက်သွားရန် လိုပါကြောင်း။
 
၂၀၁၇ ခုနှစ်က စတင်ပြီး အမျိုးသားကော်မတီဖွဲ့စည်းရာမှ ၂၀၁၉ ခုနှစ်အထိ လုပ်ဆောင်ချက်များ အစီရင်ခံစာ စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ပုံနှိပ်ထုတ်ဝေပြီးသည်ဟု သိရှိရပါကြောင်း၊ ယင်းမှာ ပြည်သူ့အစိုးရလက်ထက် ဆောင်ရွက်ချက် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် နောက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေခြင်းနှင့် နှစ်စဉ်အစီရင်ခံစာ ထုတ်ဝေနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထုတ်ဝေမည့် နှစ်စဉ်အစီရင် ခံစာသည် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကော်မတီသို့ တင်သွင်း မည့် အစီရင်ခံစာအတွက်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း။
 
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် Concluding Observation ပါ အချက် များကိုလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်း လမ်းညွှန်ချက်အဖြစ်ခံယူကာ မျက်ခြေမပြတ် အကောင်အထည်ဖော် ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း။
 
Concluding Observation ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ လွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ ၎င်းတို့နှင့်ဆက်စပ်သည့် ပညာရေး၊ ကျန်းမာ ရေး၊ ဥပဒေပညာရှင်များ စသည့် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနဖြင့် မီဒီယာများကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူကို အသိပညာပေးသွားရန် လိုအပ် ပါကြောင်း။
 
ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၇)ရက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ် အစီရင်ခံစာများအား ပူးပေါင်းတင်သွင်းရန်နှင့် ယင်းအစီရင်ခံစာများတွင် Concluding Observation ပါ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ထည့်သွင်းဖော်ပြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်မတိုင်မီ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ် အစီရင်ခံစာများ ရေးသားရေးအတွက် ယခုကတည်းက အစီရင်ခံစာ ရေးသားပြုစုရေး အတွက် ဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကနဦးအစီရင်ခံစာ (Initial Report)ကို ၂၀၁၅ ခုနှစ်က တင်သွင်းခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်မတိုင်မီ ဒုတိယ၊ တတိယနှင့် စတုတ္ထ အစီရင်ခံစာများ ရေးသားတင်ပြနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ပြုစုရမည့် အစီရင်ခံစာနှင့် ဆက်စပ်နေကြောင်းကို ပြောကြားလိုပါကြောင်း။
 
မသန်စွမ်းသူများ၏ အခွင့်အရေး အပြည့်အဝရရှိရန်အတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၏ ရှေ့ပြေး စီမံကိန်းများ ကို ၂၀၁၉ စက်တင်ဘာလမှစတင်ပြီး လှိုင်သာယာ၊ ညောင်လေးပင်၊ ဘားအံမြို့နယ်များ တွင် သင်တန်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ကရင်ပြည်နယ်အစိုးရ၏ ထပ်မံတောင်းဆိုချက်အရ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရှေ့ပြေးစီမံကိန်း ဆောင်ရွက်နေသည့် မြို့နယ်များမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအတွက် အသုံးစရိတ် တို့ကို ကျခံသုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပြ တောင်းခံသွားနိုင်ရန် ပြင်ဆင်ဆောင်ရွက်ကြရန်လည်း လိုပါကြောင်း။
 
လာမည့်ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ် များအတွက် အသုံးပြုနိုင်ရန် နိုင်ငံတော်မှ ငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်း ချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်းအဖွဲ့အစည်းတို့က ရန်ပုံငွေကို စနစ်တကျ သုံးစွဲကြရန် လိုအပ်ပါကြောင်း။
 
ASEAN Enabling Master plan ကို အခြေခံပြီး မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan)နှင့် ချိတ်ဆက်ရေးဆွဲနေသည့် မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို COVID အလွန်ကာလများတွင် အပြီးသတ်ရေးဆွဲနိုင်ရေး ဆောင်ရွက်ကြရန်နှင့် အထူး သဖြင့် (၅)နှစ်စီမံကိန်းအားပိုမိုလျင်မြန်အပြီးသတ် ရေးဆွဲနိုင်ရေးအတွက်ဆပ်ကော်မတီ (၉)ခုက စုစုစည်းစည်းနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြု တိုက်တွန်းမှာကြားလို ပါကြောင်း။
 
နိဂုံးချုပ်အနေဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ငွေအင်အား၊ နည်းပညာအင်အား ပူးပေါင်းပါဝင်ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အသိပညာပေး လုပ်ငန်းများတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှု၊ မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့ရေးနှင့် အရေးပေါ်အကူအညီ အထောက်အပံ့များ ရရှိနိုင်အောင် စနစ်တကျ ဆောင်ရွက်နေမှု၊ မသန်စွမ်းများ၏ အခွင့်အရေးများနှင့်ပတ်သက်ပြီး အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် အစည်းအဝေးများခေါ်ယူ၍ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နေမှု၊ မသန်စွမ်းများအတွက် သင်တန်းကျောင်းများဖွင့်လှစ်ရေး၊ သက်မွေးသင်တန်းများပေးရေး၊ အလုပ်အကိုင်ရရှိရေး၊ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မသန်စွမ်းရန်ပုံငွေထူထောင်သုံးစွဲရာတွင် စနစ်တကျဖြစ်စေရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 
ဆက်လက်၍ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မသန်စွမ်းသူများအတွက် ဥပဒေများ၊ စီမံချက်များ ရေးဆွဲရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များနှင့် လွယ်ကူစွာချိတ် ဆက်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲပေးရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးချက်များ အပေါ် ဆောင်ရွက်ထားရှိမှု၊ ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီသို့ အစီရင်ခံစာတင်သွင်းရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 
ဆက်လက်၍ ကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်း၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ဒေါက်တာကျော်လင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး၊ မသန်စွမ်းအသင်းအဖွဲ့ များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မသန် စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ မှတ်ပုံတင်ရေး၊ သင်တန်းပေးရေး၊ အလုပ်အကိုင်ရှာဖွေပေးရေး၊ မသန်စွမ်း ကလေးငယ်များ ပြုစုပျိုးထောင်ရေး၊ သက်မွေး သင်တန်းများပေးရေးကိစ္စရပ်များ အပါအဝင် သက်ဆိုင်ရာ ဒေသအလိုက်၊ ဌာနအလိုက် မသန်စွမ်းသူများအရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေး ကြသည်။
 
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။