အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၂

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုအချိန်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးထိခိုက်မှုများ လျော့နည်းစေရန် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်းနေသည့်ကာလဖြစ်ပါကြောင်း၊ ကပ်ရောဂါစိန်ခေါ်မှုများကြားက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ဖြစ်မြောက်အောင် ရေးဆွဲတင်ပြလာသည့် အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအားလုံး၏ ကြိုးပမ်းအားထုတ်မှုများကို မှတ်တမ်းတင်ကြောင်း ပြောကြားလိုပါကြောင်း။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) အရ ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်းအတည်ပြုချက် ရယူရန်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။

COVID-19 ကြောင့် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကျဆင်းနေပြီး ဒေသအလိုက် စီးပွားရေးအခြေအနေမှာလည်း ကျဆင်းနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ကုန်တွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် တိုးတက်မှုနှုန်းအောက် ကျဆင်း မည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာဌာနကလည်း ခန့်မှန်းထား သည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း လေးနှစ်တာကာလအတွင်းတွင် လျှပ်စစ်ဓာတ် အားကို အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်းအထိ ပေးနိုင်ခဲ့သည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် လျော့ကျစေရေးအတွက် လမ်းတံတားလုပ်ငန်းများ၊ အခြေခံပညာကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ တိုးချဲ့ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း။

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ လူမှုရေးပင်စင်ခံစားခွင့်ကို အသက် ၈၅ နှစ်အထိ လျှော့ပေါ့ခံစားခွင့်ပြုခဲ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ယင်းတို့မှ မွေးဖွားလာသည့် နှစ်နှစ်အောက် ကလေးသူငယ်စောင့်ရှောက်ရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုထက်ပိုမိုပြီး တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရန်လည်း ရည်မှန်းထားပါကြောင်း။

မကြာသေးမီကာလက COVID-19 ကြောင့် လူမှုစီးပွားထိခိုက်မှုများ လျော့နည်းစေရန် အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်(၅)မျိုးနှင့် ငွေကြေး ထောက်ပံ့ ပေးခြင်း၊ အိမ်သုံးမီတာသုံးစွဲယူနစ်များ လျှော့ပေါ့ပေးခြင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ပေးခြင်း၊ အခွန်ပေးဆောင် ရမည့် အချိန်ကာလ ရွှေ့ဆိုင်းပေးခြင်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုခြင်း၊ ပို့ကုန်လုပ်ငန်းမှ ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းများ လျှော့ချပေးခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အကန့်အသတ်ဖြစ်နေသည့် အရင်းအမြစ်များအတွင်းမှ ပြည်သူများအတွက် လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်သည်ဟု ယုံကြည် ပါကြောင်း။

COVID-19 ကြောင့် စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန် COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် [COVID-19 Economic Relief Plan (CERP)] ကို ရည်မှန်းချက် ၇ ရပ်၊ မဟာဗျူဟာ ၁၀ ရပ်ပေါ်တွင် အခြေခံပြီး ရေးဆွဲအကောင်အထည်ဖော်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ ကုစားရန် အစီအစဉ်များတွင်လည်း ချက်ချင်းအရေးယူဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယခုနှစ်မကုန်မီ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ခွဲခြားထားသည်ကို တွေ့ရ ပါကြောင်း၊ ချက်ချင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနအားလုံးက ချက်ချင်း အရေးယူဆောင်ရွက်ရန် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ပြီးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသာမက CERP တွင်ပါသည့် ၂၀၂၀ နှစ်ကုန် ပြီးစီးရမည့် လုပ်ငန်းစီမံကိန်းများကိုပါ အကောင်အထည်ဖော်ရမည် ဖြစ်ပါ ကြောင်း။

စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်း မစတင်မီ အချိန်ကစပြီး အကောင်အထည်ဖော်ပြီးသည်အထိ စီမံကိန်းစက်ဝန်းတစ်ခုလုံးကို အချိတ်အဆက်မိမိ ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ပြည်သူ့ထံမှရရှိသည့် အခွန်အကောက်ရငွေများ သည် နိုင်ငံတော်၏ အဓိကကျသော ဝင်ငွေများဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများ ရွေးချယ်ရာတွင်လည်း နိုင်ငံတော်နှင့် ပြည်သူကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်း များကို ရွေးချယ်အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း။

လုပ်ငန်းစီမံကိန်းကြီးများကို အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးကို တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ရန်လိုအပ်ပြီး တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ရရှိရေးကိုလည်း အထူးအလေးထားရန် လိုပါကြောင်း။

ထို့ပြင် အရည်အသွေးပြည့်ဝသည့် အခြေခံအဆောက်အအုံ ဝန်းကျင်ကောင်း ဖြစ်စေရေးကိုလည်း အစဉ်ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကြွယ်ဝချမ်းသာ သည့် နိုင်ငံမဟုတ်သည့်အတွက် မိမိတို့တွင်ရှိသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဆိုလျှင် စီမံကိန်းရွေးချယ်မှုသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်စေမည့် စီမံကိန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်နိုင်ရန် အရေးကြီး ပါကြောင်း။

လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းအားလုံးကို နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းက ကျခံသုံးစွဲရန်ဆိုသည်မှာ မည်သည့်နိုင်ငံမှ မဖြစ်နိုင်သည့် ကိစ္စရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းစီမံကိန်းအလိုက် မည်သည့်ဘဏ္ဍာငွေ အရင်းအမြစ်ကို သုံးစွဲမည်ဆိုသည်ကိုလည်း သေချာစွာ သုံးသပ်စိစစ်ပြီးမှသာ ဆောင်ရွက်ရန် မှာကြားလို ပါကြောင်း။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနှင့် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း များဆိုလျှင်လည်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အဆင့်ဆင့် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်နိုင်ရန်၊ တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရှာဖွေနိုင်ရန်နှင့် အားလုံး လက်လှမ်းမီနိုင်ရန်အတွက် စီမံကိန်းဘဏ် အင်တာနက်ကွန်ရက်ကိုလည်း တည်ထောင်ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းဘဏ် အင်တာနက်ကွန်ရက်တွင် ဘဏ္ဍာရန်ပုံငွေလုံလောက်မှု မရှိသေးသည့် လုပ်ငန်းစီမံကိန်းများလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးလျက်ရှိ ပါကြောင်း။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို အမြန်ဆုံးကုစားနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းမှသာ စီးပွားရေးကျဆင်းမှုနည်းနိုင်မည် ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းတံတားကွန်ရက်တိုးတက်ရေး၊ လျှပ်စစ်မီးရရှိမှု ပိုမိုတိုးတက်လာ စေရေးနှင့် COVID-19 ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးတို့ အတွက် ဆောင်ရွက်နိုင်ရန် လျာထားခြင်းများကို တွေ့ရပါကြောင်း၊ အသေးစား၊ အလတ်စားလုပ်ငန်း များ တိုးတက်စေရေးနှင့် ဝင်ငွေနည်းပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်း ကောင်းများ ဖန်တီးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ ပြည်နယ်များအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းရေးနှင့် အပြန်အလှန် နားလည်မှုရှိရေး သည်လည်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း။

လေးနှစ်တာကာလအတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲစီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပကတိအရှိအတိုင်း ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် သင်ခန်းစာယူကြရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင်လည်း ပြည်သူအတွက် အကျိုးရလဒ်ကောင်း ရရှိစေမည့် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးကို ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒများ ပြည့်ဝစေရန်အတွက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မမျှော်လင့်သည့် အခက်အခဲများကြားက နိုင်ငံ့စီးပွားရေး ပြန်လည် နိုးထရေးကို အားလုံးကြိုးပမ်းဆောင်ရွက်ရန် အထူး တိုက်တွန်းလိုပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူများအားလုံး တန်းတူရရှိခံစားနိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်းမရှိဆိုသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ ရည်မှန်းချက်အတိုင်း ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်နှင့်ပြည်သူကို အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများ ကို ဆက်လက်ဖော်ထုတ်ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း (အဆိုပြုမူကြမ်း)ရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ယခုရေးဆွဲထားသည့်အတိုင်း သတ်မှတ် ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ယခုတင်ပြသည့် စီမံကိန်းများတွင် COVID-19 ကာလအလွန် ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ဖွံ့ဖြိုးမှု အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်သွားကြရမည့် ကိစ္စရပ်များလည်း ရှိပါကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိထိရောက်ရောက်ဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်း ဘောင်အတွင်းက ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင် အထည် ဖော်ရာတွင်လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ပေါ်လာပါ က အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးကို အလေးထားရန် မှာကြားလိုပါကြောင်း။

လာမည့် ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်သည့် အခါတွင် လက်ရှိအစိုးရသက်တမ်းနှင့် လာမည့်သက်တမ်းနှစ်ခုအကြားတွင် ဆောင်ရွက် ရမည့်ကိစ္စဖြစ်သည့်အတွက် အထူးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမည့် အသေးစိတ်စီမံချက်များကို ယခုကတည်းက ရေးဆွဲပြီး အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များ နှောင့်နှေးမှုမရှိစေရေးကို ဂရုပြုကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အပြုသဘောဆောင်သည့် အကြံပြု ဆွေးနွေးချက်များကိုလည်း အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်းရင်း နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း COVID -19 ကာလအလွန် စီးပွားရေး ပြန်လည် ဦးမော့လာစေရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို စနစ် တကျ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။