နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက် လမ်းညွှန်အမှာစကားပြောကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက် လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၂

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုကြရန် ဖြစ်ပါကြောင်း။

COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ကြီးမားသည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်သည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးထိခိုက်မှုများ ရှိလာပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လကဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအားလုံး ဝင်ငွေကျဆင်းနိုင်ပါကြောင်း၊ ပြည်ထောင်စု၏ ရငွေ အခြေအနေပေါ်မူတည်ပြီး အသုံးစရိတ်များကို ခွဲဝေရခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ အားလုံး ခွဲဝေရရှိသည့် အသုံးစရိတ်များကို အပြည့်အဝသုံးစွဲကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည် တိုးတက်စေရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များထဲတွင် COVID-19 ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့်ကဏ္ဍများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေ များအတွက် အသုံးစရိတ်များ၊ လျှပ်စစ်မီး၊ လမ်းတံတား၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ အသုံးစရိတ်များကို ခွဲဝေပေးထားသည့်အပြင် အထွေထွေရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲကော်မရှင်၏ အသုံးစရိတ်များလည်း ပါဝင်သည်ကို တွေ့ရပါကြောင်း။

နိုင်ငံတော်နှင့် ပြည်သူအတွက် ကဏ္ဍအလိုက် ငွေလုံးငွေရင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းတို့ မထပ်စေရေး စိစစ်ကြရန် လိုပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းမှု၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းမှုများပြုလုပ်ကြပြီး ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ၊ စီမံကိန်းများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ကြစေလိုပါကြောင်း။

တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ပြီးစီးမှုအဆင့်အလိုက် ငွေပေးချေခြင်းများ ဆောင်ရွက်ကြရာတွင် လွှတ်တော်က အကြိမ်ကြိမ်ထောက်ပြနေသော်လည်း ကြန့်ကြာမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထိုသို့ ကြန့်ကြာမှုများ မဖြစ်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေဖြင့် လက်အောက်ရုံးခွဲအသီးသီးကို လုပ်ပိုင်ခွင့်များ အပ်နှင်းခွဲဝေပေးပြီး တာဝန်ရှိသူ အဆင့်ဆင့်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေများနှင့်ပတ်သက်၍ အလေအလွင့် မရှိစေဘဲ အကျိုးရလဒ်များ အပြည့်အဝရရှိစေရန် ကြိုးပမ်းကြစေလိုပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတော်အပေါ် လူမှုရေး၊ စီးပွားရေး ထိခိုက်ခဲ့မှုများကို ကုစားနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က လွှတ်တော်အတည်ပြုချက်ဖြင့် ရယူခဲ့သည့် ပြည်ပချေးငွေ များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထုတ်ယူသုံးစွဲကြမည် ဖြစ်ပါကြောင်း၊ ချေးငွေရယူ သည့် ရည်ရွယ်ချက်အတိုင်း သုံးစွဲနိုင်ပါက COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုကို ကုစားနိုင်မည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များကိုလည်း ရရှိစေမည်ဖြစ်ပါကြောင်း။

COVID-19 ၏ အကျိုးဆက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက် ရငွေများ၊ အခြားရငွေများ လျော့နည်းနိုင်သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များကို သုံးစွဲသွားမည်ဖြစ်ပါကြောင်း။

အစိုးရသက်တမ်း ၄ နှစ်ကျော် ကာလအတွင်း ပြည်ထောင်စု၏ရငွေသည် ငွေကျပ် ၁၆၉၇၉ ဘီလီယံမှ ငွေကျပ် ၂၇၈၅၂ ဘီလီယံသို့ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏ အသုံး စရိတ်သည် ငွေကျပ် ၂၀၂၆၇ ဘီလီယံမှ ငွေကျပ် ၃၄၆၅၂ ဘီလီယံသို့ တိုးတက်လာခဲ့ ပါကြောင်း၊ ကဏ္ဍအလိုက်၊ ဒေသအလိုက်ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ရုပ်သံလွှင့်ဌာနများ၊ သတင်းစာ၊ ရေဒီယိုတို့ကတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တင်ပြခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ကဏ္ဍများတွင် တိုးတက်ခဲ့သည့်အတိုင်း အခြေခံအဆောက်အဦများကိုလည်း များစွာ တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အသုံး စရိတ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ် များကို သိသိသာသာ တိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်ကို အချိန်မီပေးပို့နိုင်ရန် ဘဏ္ဍာရေးကော်မရှင်က ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အသုံး စရိတ်များကို ခွင့်ပြုပေးခဲ့သည့် အခြေအနေများမှာ COVID - 19 အလွန် ကာလများတွင် ပြည်သူလူထု၏ လူမှုစီးပွားအပေါ် သက်ရောက်မှုလျော့ကျစေရေး အစီအစဉ်များနှင့် စီးပွားရေးကုစားမှုအစီအစဉ်(COVID-19 Economic Relief Plan – CERP) တွင်ပါသည့် စီမံကိန်းများ၊ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန်နှင့် ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်အတွက် အကျိုးရှိမည့် စီမံကိန်းများကို အဓိကထားပြီး ဦးစားပေးခွင့်ပြုခဲ့ပါကြောင်း။

အသုံးစရိတ်များကို စိစစ်ခဲ့ရာတွင် နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ သတ်မှတ် ထားသည့် ဘောင်ထက်ကျော်လွန်မှု မရှိစေရန်၊ လုပ်ငန်းစီမံကိန်းအသစ်များကို နိုင်ငံတော်၏ ဦးစားပေးမူဝါဒနှင့် ကိုက်ညီမှုရှိစေရန်၊ တည်ဆောက်ရေးလုပ်ငန်းများတွင် မြေပိုင်ဆိုင်ခွင့်နှင့် ဒီဇိုင်းပုံစံရှိပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် တင်ဒါခေါ်ယူကာ ပြီးစီးအောင် ဆောင်ရွက် နိုင်သည့် လုပ်ငန်းများဖြစ်စေရန်နှင့် ပြည်ထောင်စုက တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်း သည် တိုင်းဒေသကြီး/ပြည်နယ်က တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းနှင့် မထပ်စေရန်၊ ချေးငွေနှင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်း၊ စီမံကိန်းများတွင်လည်း ချေးငွေ ရယူသည့် လုပ်ငန်းများကို အချိန်ဇယားနှင့်အညီ အမှန်အကောင်အထည်ဖော်နိုင်မည့် အခြေအနေတို့အပေါ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို စိစစ်ခဲ့ပါကြောင်း။

ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်မှုနှင့် ကယ်ဆယ်မှု လုပ်ငန်းများကို လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေကို ယခုနှစ်တွင် ယခင်နှစ်ထက် ငွေကျပ် ၅၀ ဘီလီယံတိုးမြှင့်ပြီး ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ငွေကျပ် ၅၀ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၅၀ ဘီလီယံ ခွဲဝေလျာထားပေးခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးငွေကျပ် ၂၃၈၁ ဘီလီယံကိုပါ ထည့်သွင်းလျာထားပေးခြင်းအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များ ကိုလည်း ယခင်နှစ်များထက် ပိုမိုတိုးမြှင့်ပေးခြင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ရန်ပုံငွေအတွက်ပါ ထည့်သွင်းလျာထားပေးခြင်းများ ဆောင်ရွက်ထားပါကြောင်း။

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအကူအညီရငွေကျပ် ၁၁၂၂ ဘီလီယံ နှင့် ပြည်ပချေးယူရငွေ ငွေကျပ် ၄၀၃၄ ဘီလီယံတို့ကို ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ ပေးငွေကျပ် ၂၃၈၁ ဘီလီယံ အပါအဝင် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၇၈၅၂ ဘီလီယံ၊ သုံးငွေစုစုပေါင်း ငွေကျပ် ၃၄၆၅၂ ဘီလီယံ၊ စုစုပေါင်းလိုငွေကျပ် ၆၈၀၀ ဘီလီယံဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅ ဒသမ ၄၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကို အခြေပြု၍ ရေးဆွဲထားသည့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်ပြီး ထောက်ခံ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူများ၏ လိုအပ်ချက်များ ပိုမို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုက တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ငွေများကို တစ်နှစ်ထက်တစ်နှစ်ပိုပြီး ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းအတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုငွေ အတွက် ထောက်ပံ့ပေးမည့် ငွေကျပ်မှာ ၂၃၈၁ ဘီလီယံ ဖြစ်ပါကြောင်း၊ ယခင်နှစ်က ထောက်ပံ့ ငွေကျပ် ၂၁၁၄ ဘီလီယံ ဖြစ်သည့်အတွက် ယခင်နှစ်ထက် ငွေကျပ် ၂၆၇ ဘီလီယံ ပိုမို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း။

အခွန်ဝေစုအနေဖြင့်လည်း ယခင်နှစ်ကထက် ငွေကျပ် ၁၆ ဘီလီယံ ပိုမည်ဖြစ်ပြီး ငွေကျပ် ၃၆၉ ဘီလီယံကို ခွဲဝေပေးမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအနေဖြင့် ယခင်နှစ်များနည်းတူ ငွေကျပ် ၃၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှလိုငွေအတွက် ထောက်ပံ့ပေးမည့် ငွေကျပ် ၂၃၈၁ ဘီလီယံ အပေါ်အခြေခံပြီး တိုင်းဒေသကြီး/ပြည်နယ်များက ရေးဆွဲတင်ပြလာသည့် အရအသုံး ခန့်မှန်းခြေငွေစာရင်းသည် စုစုပေါင်း ရငွေကျပ် ၁၄၃၈ ဘီလီယံ၊ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၃၈၁၉ ဘီလီယံနှင့် လိုငွေကျပ် ၂၃၈၁ ဘီလီယံ ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များ ကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘဏ္ဍာရေးကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်အညီ စိစစ်ခဲ့ပါကြောင်း၊ စိစစ်ပြီး ဖြစ်ပေါ်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ သာမန်အသုံးစရိတ်ငွေကျပ် ၁၀၆၂ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၂၇၅၇ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၃၈၁၉ ဘီလီယံ ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်နှင့် ရုံးများ၊ ဧည့်ရိပ်သာများ နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းများကို မဖြစ်မနေ လိုအပ်မှသာ ဆောင်ရွက်ရန်၊ မော်တော်ယာဉ်ဝယ်ယူမှုများ မပြုလုပ်ဘဲ ယာဉ်လိုအပ်ချက်များရှိပါက စက်ပစ္စည်းကြီးကြပ်မှု ကော်မတီသို့ တင်ပြတောင်းခံရန် လမ်းညွှန်ကြပ်မတ်ခဲ့ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ပြည်သူအတွက် ထင်သာမြင်သာဖြစ်စေ သည့် လုပ်ငန်းများ၊ ပြည်သူများ အဓိကလိုအပ်နေသည့် လုပ်ငန်းများကို ဦးစားပေးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တင်ပြခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ တင်ပြချက်များကိုလည်း မှတ်သားထားရှိပြီး ပြည်ထောင်စုနှင့်ပေါင်းစပ်ညှိနှိုင်းပေးမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုများ နည်းပါးစေရေးနှင့် ပိုလျှံငွေ အမြောက်အမြား ပြန်လည်အပ်နှံမှု မဖြစ်စေရေးတို့ကို ဂရုပြုဆောင်ရွက်သွားကြရန်လည်း တိုက်တွန်း ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များက ရေးဆွဲ တင်ပြလာသည့် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေး သုံးသပ်အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ထောက်ခံ ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းအပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့အပေါ် ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပြီးဖြစ်သည့်အတွက် ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့ တင်ပြရေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် COVID-19 ဂယက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေကျဆင်းမှုရှိနိုင်သော်လည်း အတတ်နိုင်ဆုံး လျာထား ချက်အတိုင်း ရရှိအောင် စီမံကြီးကြပ်ကောက်ခံကြရန် လိုအပ်ပါကြောင်း၊ ပြည်ပအကူအညီ ရငွေ၊ ပြည်ပချေးယူရငွေများ အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များကို ခွဲဝေပေးသည့် အသုံးစရိတ်များကိုလည်း ထိရောက်စွာ သုံးစွဲကြစေလို ပါကြောင်း၊ COVID-19 ဂယက်ကို တုံ့ပြန်နိုင်ရန် ရေးဆွဲထားသည့် COVID-19 စီးပွားရေး ကုစားမှု အစီအစဉ် [COVID-19 Economic Relief Plan (CERP)] ပါ လုပ်ငန်းစဉ်များ ကိုလည်း ကဏ္ဍအလိုက်၊ ဒေသအလိုက် ဆက်လက်အကောင်အထည်ဖော်ကြရန် ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဥပဒေနှင့် အညီ စီမံခန့်ခွဲရသည့် အသုံးစရိတ်များကတစ်ဆင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ကုန်သွယ်မှု တိုးတက်ရေး၊ဝန်ဆောင်မှုတိုးတက်ရေးတို့ကို မောင်းနှင်အားသဖွယ် ဖြစ်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းစေခြင်း၊ ပြည်သူတို့၏တစ်ဦးချင်း ဝင်ငွေတိုးတက် မြင့်မားစေခြင်း၊ လူနေမှုအဆင့် မြင့်မားစေခြင်းစသည့် ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်ပါကြောင်း။

ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့် အသုံး စရိတ်များကို ပထမဦးစားပေး သုံးစွဲရမည်ဖြစ်ပြီး ရုံးဌာနများအတွက် အသုံးစရိတ်များကို ဒုတိယဦးစားပေးသာ ထားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနတိုင်း အုပ်ချုပ်မှု အသုံးစရိတ်များကို တတ်နိုင်သမျှ လျှော့ချပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ တို့၏ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် လိုအပ်သည့် အသုံး စရိတ်များကို တိုးမြှင့်သုံးစွဲကြစေလိုပါကြောင်း။

ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များက ပြည်ထောင်စုဘဏ္ဍာရငွေ၊ သုံးငွေများကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးပြီး နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် စေတနာထား လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။