ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှု၊ ကမ်းနားလမ်း ပျက်စီးမှုနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

Printer-friendly versionSend by email

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှု၊ ကမ်းနားလမ်း ပျက်စီးမှုနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

နေပြည်တော် ဇူလိုင် ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ အနီး တာရိုးကျိုးပေါက်မှု၊ ကမ်းနားလမ်းပျက်စီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လမ်းညွှန်မှာကြားပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့အားပေးကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာဝင်းမြတ်အေး၊ စီမံခန့်ခွဲမှု ကော်မတီဝင် ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ အမရပူရမြို့ ရွှေဂဲရေဆိုးထုတ်စက်ရုံ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ရေ စတင်စိမ့်ဝင်မှု၊ တာရိုးကျိုးပေါက်မှု ၊ ကမ်းနားလမ်း ပျက်စီးမှု အခြေအနေ၊ ထပ်မံတိုက်စားပြိုကျပျက်စီးမှု မဖြစ်စေရေး စီမံဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရန် အစီအမံများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက လတ်တလော ပျက်စီးမှုများ ထပ်မံမဖြစ်ပွားစေရေး Poly Felt များကာ၍ သဲအိတ်ဖိခြင်းလုပ်ငန်းများ အမြန်ဆုံး တည်ဆောက်သွားရေး၊ ကျောက်ကြီးများဖြင့် လမ်းတာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရေး၊ ရေရှည်တွင် ပန်းတာများ တည်ဆောက်သွားရေး၊ ပျက်စီးခဲ့သည့် နေရာများကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော စက်ယန္တရားများနှင့် ပစ္စည်းများကို ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းပေးရေးနှင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုကို ဦးစားပေး ဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်နေမှုနှင့် မြို့ပတ်လမ်း ပျက်စီးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ဈေးချိုရပ်ကွက် ဦးလင်းဓမ္မာရုံနှင့် မှန်တန်းရပ်ကွက် ရန်အောင်မြင်ဓမ္မာရုံသို့ ရောက်ရှိကြပြီး ရေဘေးသင့်အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

တွေ့ဆုံစဉ် ဒုတိယသမ္မတက ရွှေဂဲရေထိန်း တံခါးအနီး တာရိုးကျိုးပေါက်သည့်နေရာကို မိမိတို့ရောက်ရှိခဲ့ပါကြောင်း၊ တာရိုးကျိုးပေါက်သည့်နေရာကိုလည်း အမြန်ဆုံး မူလအခြေအနေပြန်ဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့မှုများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်၍ စိတ်အားမငယ်ကြစေလိုပါကြောင်း။

ရာသီဥတု အနေအထားများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာပါကြောင်း၊ ယခုကဲ့သို့ ဘေးအန္တရာယ်ဖြစ်လာသည့်ကိစ္စကို မည်သို့မျှရှောင်လွှဲ၍ မရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ရေရှည်တွင် ဆက်လက် ရင်ဆိုင်ကြရမည်ဖြစ်ပြီး စိန်ခေါ်မှုများစွာရှိပါကြောင်း၊ မည်သို့ပင် ဒုက္ခများတွေ့ကြုံရသော်လည်း စိတ်ဓာတ်မကျရန် လိုအပ်ပါကြောင်း၊ အားလုံးဝိုင်းဝန်းကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင် ကြုံတွေ့ နေရသည်ကို မိမိအနေဖြင့် ကိုယ်ချင်းစာမိပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်စဉ်ကာလတွင်လည်း ကျန်းမာရေးကိုဂရုစိုက်၍ ကျန်းမာရေးအသိရှိစွာ နေထိုင်ကြစေလိုပါကြောင်း။

ကာလတစ်ခုအထိ ကယ်ဆယ်ရေးစခန်း၌ နေထိုင်ရချိန်တွင် စိတ်ရှည်သည်းခံပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ကယ်ဆယ်စခန်း၌ ရှိနေချိန်နှင့် မိမိနေရာများသို့ ပြန်လည်ရောက်ရှိသည့်အချိန်များတွင် လိုအပ်သည့် အကူအညီများနှင့် ထောက်ပံ့မှုများကို ဆက်လက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိနေရာများသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ကြပါစေဟု ဆုတောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က ရေဘေးသင့် အိမ်ထောင်စုများထံ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ပေးအပ်လှူဒါန်းကြသည်။

ည‌နေပိုင်းတွင် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့သည် တာရိုးကျိုးပေါက်မှုနှင့် ကမ်းနားလမ်းပျက်စီးမှုများအား စက်ယန္တရားများဖြင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ယဉ်တော်ကျေးရွာအုပ်စု၊ မှန်တန်းရပ်ကွက်၊ ကျန်တန်းရပ်ကွက်၊ ဈေးချိုရပ်ကွက် နှင့်ငယ်တိုင်ရပ်ကွက်များရှိ အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထား ပေးခဲ့ကြောင်း သိရသည်။