နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးမှုအခြေအနေအား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးမှုအခြေအနေအား လှည့်လည်ကြည့်ရှု

ကျိုင်းတုံ ဩဂုတ် ၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်း တွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက ကျိုင်းတုံလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ဓမ္မောဒယပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒမေဓာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး ဆက်ကပ်လှူ ဒါန်း ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ပါလျန်တံခါးသို့ သွားရောက် ကြည့်ရှုလေ့လာကြပြီး နောင်တုံကန် ရေသွင်းခြင်းလုပ်ငန်း၊ ကန်သာယာလှပရေးလုပ်ငန်း၊ ကန်ပတ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားမှုနှင့် ကျိုင်းတုံမြို့ ဒေသဖွံ့ဖြိုးမှုအခြေအနေအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ Amazing Kengtong Resort သို့ ရောက်ရှိကြပြီး ညအိပ်ရပ်နားကြသည်။