ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တီးတိန် ဩဂုတ် ၁၂

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးခင်မောင်ဝင်းနှင့် ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် တွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ စစ်ကိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများက ကလေးမြို့လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။

ယင်းနောက် ကလေးမြို့လေဆိပ်ဧည့်ခန်းမဆောင်၌ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်၊ ဘိုင်ကျေးရွာအရေးပေါ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ငွေကျပ်သိန်းသုံးရာနှင့် ကလေးမြို့နယ် ၊ မြောက်စည်းကျေးရွာ အရေးပေါ်ကမ်းပြို ကာကွယ် ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅ သိန်းတို့ကို အမျိုးသားသဘာဝဘေးရန်ပုံငွေမှ စစ်ကိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယသမ္မတ နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် ရှိ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ထေးဇန်) သို့ရောက်ရှိကြရာ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦး က ကော်ဖီခြံအတွင်း ကော်ဖီစေ့ပျိုးထောင်ပြီး ဒေသခံကော်ဖီစိုက်တောင်သူများအား ဖြန့်ဖြူး ပေးခဲ့မှုများ ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ က ကော်ဖီပျိုးပင်များကို အခြားဒေသများမှသယ်ယူစိုက်ပျိုးပါက သယ်ယူစရိတ်ပိုမိုကုန်ကျခြင်း၊ လမ်းခရီးတွင် လေလွင့်ပျက်စီးမှုရှိနိုင်ခြင်း၊ စိုက်ပျိုးရန်လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအတွက် မရနိုင်ခြင်း စသည့်ကန့်သတ်ချက်များရှိသည့်အတွက် ဝေးလံသည့်ဒေသများရှိ ကော်ဖီ စိုက်တောင်သူများထံသို့ ကော်ဖီပျိုးပင်များကို စိုက်ပျိုးရေးပျိုးခြံမှ သယ်ယူစိုက်ပျိုးစေခြင်း အစား ကော်ဖီစိုက်ပျိုးရာဒေသများတွင် ကော်ဖီအစေ့ဖြင့် ပျိုးထောင်ဖြန့်ဖြူးသည့် စနစ်ကို ကျင့်သုံးရန်မှာကြားသည်။

အဆိုပါ ခြံ သည် ဧရိယာ ၈၂ ဧက ကျယ်ဝန်းပြီး ၃၁ ဒသမ ၈ ဧကတွင် ကော်ဖီပင် များ စိုက်ပျိုးထားကာ ယင်းခြံမှ အာရေးဗီးကားကုန်းမြင့်ကော်ဖီ ပျိုးပင် ၃၈၀၀၀ ကို ကော်ဖီ စိုက်တောင်သူများအား ယခုနှစ်မိုးရာသီအတွင်း အခမဲ့ ဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်နှစ်တွင် ကော်ဖီပျိုးပင် ၅၀၀၀၀ ကျော်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ၊ ချင်းပြည်နယ် တစ်ပြည်နယ်လုံးအတွက် ကော်ဖီပျိုးပင် ၄ သိန်းကျော်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိသမ္မတ သည် တီးတိန်မြို့သို့ ရောက်ရှိပြီး တီးတိန်မ်ြို့ မိုးလုံလေလုံ အားကစားရုံသစ် (ဘွာလ်ဇန်အားကစားရုံ) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင် က အားကစားရုံသစ် ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က အဆောက်အဦကို ရေရှည် အသုံးပြုနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းမီစွာ ဆောက်လုပ်ရန်နှင့် စနစ်တကျဆက်လက် ထိန်းသိမ်းနိုင်ရေးမှာကြားသည်။

အဆိုပါ အားကစားရုံသစ် သည် အလျားပေ - ၁၂၀ ၊ အနံ ပေ - ၉၀ ၊ အမြင့်- ၃၆ ပေရှိကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၄၇ ဒသမ ၅ သန်းဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယသမ္မတ သည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဆောက်အဦ သစ်ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးရာ Equal Construction and Decoration Co.,ltd စီမံကိန်းမန်နေဂျာ ဦးအောင်ခန့်မင်း က အဆောက်အဦသစ် ဆိုင်ရာအချက်အလက် များကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အဆောက်အဦသစ်သည် အလျားပေ - ၁၄၀ ၊ အနံ - ၃၄ ပေ၊ အမြင့် ၂၄ ရှိပြီး သံကူကွန်ကရစ်နှစ်ထပ် အဆောက်အဦးဖြစ်ကာ အဆောက်အဦစီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၄ ဒသမ ၃၂၇ သန်းဖြစ်ကြောင်းသိရသည်။