ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့နှင့် တွန်းဇံမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့နှင့် တွန်းဇံမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း ဩဂုတ် ၁၃

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့ တွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စံကိုက်ကျောင်းဆောင်၊ တွန်းဇံမြို့ရှိ Cyclone Shelter ဆောက်လုပ် နေမှု၊ (၂၅) ခုတင် ဆံ့ပြည်သူ့ဆေးရုံတိုးချဲ့တည်ဆောက်နေမှုနှင့် ဗားရ်တံတားအမှတ်(၂) တည်ဆောက်နေမှု တို့အား ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း စံကိုက်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ကျောင်းအုပ်ကြီး ဦးအင်ခန်းမုန် တို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အဆိုပါကျောင်း Multifuctional Hall ၌ တီးတိန်မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းအခမ်းအနား ကျင်းရာ ဒုတိယသမ္မတ က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိ သူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်လျှက်ရှိပြီး သက်ဆိုင် ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန တို့မှဝန်ထမ်းများ ကြိုးပမ်း ဆောင် ရွက်လျက်ရှိနေကြပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများတွင် ဆန္ဒမဲစာရင်းများကို အများ ပြည်သူသို့ ထုတ်ပြန်ကြေညာထားပါကြောင်း၊ ထုတ်ပြန်ထားသည့် ဆန္ဒမဲစာရင်း များကို ပြန်လည်ကြည့်ရှုသည့်အခါ အချို့နေရာများတွင် မဲစာရင်းလိုအပ်ချက်များရှိနေ သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မှန်ကန်သည့် မဲစာရင်းများရရှိနိုင်ရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ အထူးအလေးထားဆက်လက်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါ ကြောင်း။

ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ၊ ခရိုင် နှင့် မြို့နယ်ရုံးများ အနေ ဖြင့် သာမန်ရွှေ့ပြောင်းနေထိုင်သူများ၊ ယာယီရွှေ့ပြောင်းနေထိုင်သူများ၏ လိုအပ်ချက်များဖြစ် သည့် တရားဝင်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်တစ်မျိုးမျိုးကို သစ္စာ စီမံ ချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေပါကြောင်း၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် တာဝန်ရှိသူများအနေဖြင့် တက်ညီလက်ညီ ဆက်လက်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် တို့က ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယ သမ္မတ က မိုးရာသီကာလအတွင်းတစ်နေရာမှတစ်နေရာသို့သွားလာရန်ခက်ခဲသည့် ချင်းပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရန်လာရောက်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအားထုတ် ကြိုးပမ်း ဆောင်ရွက်နေ သည့်ကာလတွင် တစ်ကမ္ဘာလုံးအတွက် စိန်ခေါ်မှု ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြီးကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရ၊ နိုင်ငံ့ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပြည်သူပြည်သားများ၏ ကြိုးပမ်းအား ထုတ်မှု များကြောင့် ကမ္ဘာတွင် ကာကွယ်ထိန်း ချုပ်နိုင်သည့် အဆင့်တစ်ခု၌ ပါဝင်ရပ်တည်နေပါကြောင်း၊ မည်သည့်ဘေးအန္တရာယ်ပင်ဖြစ်စေကာမူ အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ကြံ့ကြံ့ ခံရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ် - ၁၉ ကပ် ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းများနှင့် လမ်းညွှန် ချက်များကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ။

လာမည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် နိုင်ငံသားမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးသည် အရေးကြီးပါကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ၅ နှစ်တွင် တစ်ကြိမ်သာ ရရှိသည့်အခွင့်အရေးဖြစ်သည့် အတွက် မဲပေးခွင့်ရှိသူများမဲမပေးနိုင်သည့် အဖြစ်မျိုးမဖြစ်စေရန် သေချာစွာဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါ မပါ သွားရောက်စိစစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် နှိုးဆော်ပေးကြရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကို စံချိန်စံညွှန်းမီရွေးကောက်ပွဲဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်း ကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျပါဝင်မဲပေးနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယသမ္မတ က ကိုဗစ် - ၁၉ ကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးနေကြသည့် တီးတိန်မြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အား ထောက်ပံ့ ငွေများပေးအပ် သည်။

ဆက်လက်၍ ဒုတိယသမ္မတ နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တွန်းဇံမြို့ရှိ ပိုးစာခြံသို့ရောက်ရှိကြရာ ခြံမန်နေဂျာ ဦးဟရိန်ထောင်ထန်း က ခြံဆိုင်ရာအချက်အလက် များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ သည် Multi Purpose Cyclone Shelter တည်ဆောက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းထောင် ကအဆောက်အဦ ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် Multi Purpose Cyclone Shelter ရှင်းလင်းဆောင်၌ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်း တို့က Multi Purpose Cyclone Shelter တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် Cyclone Shelter များအခြေ အနေ၊ Cyclone Shelter များတွင် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု၊ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တည်ဆောက်မှု လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင်ပြည်သူများအတွက် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်မှုနှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကော်မတီသို့ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများတင်ပြထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။

အဆိုပါ Multi Purpose Cyclone Shelter အလျားပေ- ၆၀ ၊ အနံ ပေ - ၇၀ ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယသမ္မတ ဒေသလိုအပ်ချက်တင်ပြထားသည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုများ ကို ကြည့်ရှုစစ်ဆေးရန်နှင့် ထပ်မံဖြည့် ဆည်းရန်လိုအပ်ချက်များကိုသိရှိနိုင်ရန် လာရောက်ရ ခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံဖြိုးရေးနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်သို့ လာရောက်ခဲ့သည့် ယခင်ခရီးစဉ်များ ထက် အားရ ကျေနပ် မှုရှိပါကြောင်း၊ တွန်းဇံမြို့သည့် ချင်းပြည်နယ်၏အစွန် အဖျားနယ်စပ် ဒေသအနီး တွင်တည်ရှိသဖြင့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို အခြားဒေသများ ထက်ပိုမိုအာရုံစိုက် လုပ်ဆောင်ပေးလျက်ရှိနေပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကန့်အသတ်ဖြင့် ဆောင်ရွက်နေရပါကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပွားနေ သည့် ကိုဗစ်- ၁၉ ရောဂါကိုကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးနေကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်း။

မကြာမီကျင်းပမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်ပြီး မဲပေးခွင့်ရှိသူ များဆန္ဒမဲပေးနိုင်ခွင့်မဆုံးရှုံးစေရေး၊ နိုင်ငံတကာအသိအမှတ်ပြုသည့် အောင်မြင်သောရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူလူထုအနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယသမ္မတ က ကိုဗစ် - ၁၉ ကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြသည့် တွန်းဇံမြို့စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ အတွက် ထောက်ပံငွေများ ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတသည် (၂၅) ခုတင်ဆံ့ပြည်သူ့ဆေးရုံအတွင်း ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ တိုးချဲ့ နှစ်ထပ်လူနာဆောင်သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဆောက်အဦ တည်ဆောက် ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ အဆောက်အဦ သည် အလျား ၉၅ ပေ ၊ အနံပေ ၅၀ ရှိပြီး စီမံကိန်း တန်ဖိုး ကျပ် ၄၇၂ ဒသမ ၃၆သန်း ဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်များဖြင့် မဏိပူရ်မြစ်ကူး ၊ ဗားရ်တံတား(အရန်) တည်ဆောက်သည့် နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရွှေလေးနှင့် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း တို့က တံတားလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်း လင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ သည် မဏိပူရ်မြစ်ကူး ၊ ဗားရ်တံတား(အရန်) တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဗားရ်တံတား အမှတ်(၂) သည် တံတားအရှည် ၅၅၇ ဒသမ ၇၇ပေရှိပြီး အကျယ်ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေရှိကြောင်း၊ သံကူကွန် ကရစ် အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုး ကျပ်သန်း ၄၀၅၀ ဖြင့်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအသုံးပြုလျှက်ရှိသည့် ဗားရ်တံတားအမှတ်(၁) သည် ၂၀၁၅ ခုနှစ် ကိုမာန် မုန်တိုင်းတိုက်ခတ်စဉ် မဏိပူရ်မြစ်ရေကြီးမှုကြောင့် တံတားသံဘောင်အောက်ခြေအထိ မြစ်ရေ တက်ခဲ့သဖြင့် တံတားကို ခေတ္တပိတ်ခဲ့ရသည်။ မြစ်ရေပမာဏပိုမိုတက်ရောက်ခဲ့ပါက ဗားရ် တံတားအတွက် အန္တရာယ်ရှိနိုင်ပြီး ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး အဆက်အသွယ် ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သဖြင့် ယခု တံတားအမှတ်(၂)ကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။