နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
 
နေပြည်တော် စက်တင်ဘာ ၁
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးစသည့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ကူညီပံ့ပိုးပေးရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြု သဘောဆောင် အကူအညီပေးသွားရေး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် ရရှိခဲ့သည့် သဘောတူညီချက်များကို အရှိန်အဟုန်မပျက် အကောင် အထည်ဖော်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန်အတွက် ယဉ် ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ၂၀၂၀ ကို စနစ်တကျ နှစ်ဖက်ညှိနှိုင်းစီစဉ် ဆောင်ရွက် သွားရေး၊ ပြည်သူများအကြား ပုံမှန်ကူးလူးဆက်ဆံမှု အမြန်ဆုံး အကောင်အထည်ဖော် သွားနိုင်ရေးနှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားနိုင်ရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးကိစ္စများကို ဆွေးနွေးကြသည်။
 
ထို့ပြင် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
 
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။