ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မင်းတပ်နှင့် မတူပီ မြို့တို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ မတူပီမြို့ မြို့မိမြိုဖများ နှင့်တွေ့ဆုံ

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မင်းတပ်နှင့် မတူပီ မြို့တို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ မတူပီမြို့ မြို့မိမြိုဖများ နှင့်တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၅
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ် (တောင်ပိုင်း)၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မင်းတပ်မြို့ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာတည်ဆောက်နေမှု၊ မင်းတပ်ကောလိပ်စာသင် ဆောင်ဆောက်လုပ်နေမှု၊ လည်မျိုချောင်း တံတားတည်ဆောက်နေမှု၊ မတူပီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး (၃)ထပ်ဆောင် ဆောက်လုပ်နေမှုနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မတူပီမြို့ မြို့မိမြို့ဖ များနှင့်တွေ့ဆုံသည်။
ဒုတိယသမ္မတသည် နံနက်ပိုင်းတွင် မင်းတပ်မြို့၌ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ်လမ်းဦးစီးဌာနမှူး ဦးဆန်းလွင် က ရှင်းလင်းပြသသည်။ အဆိုပါ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာသည် အလျား ပေ - ၁၂၀ ၊ အနံ ပေ ၅၀ ရှိပြီး သံကူကွန်ကရစ်နှစ် ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ် ပေါင်းစုတည်ဆောက်ခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး က မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက် ရေးလုပ်ငန်းအခြေအနေများ၊ မင်းတပ် ဝိဇ္ဇာသိပ္ပံကောလိပ်၊ ပညာရေးကောလိပ်နှင့် အစိုးရ နည်းပညာနှင့် သက်မွေးပညာသိပ္ပံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ရန်ပုံငွေခွဲရရှိမှု၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တွင် တည်ဆောက်မည့် အဆောက်အဦ များ၊ မင်းတပ်ကောလိပ်ပေါင်းစုအတွက် အမြဲတမ်းသုံးရေ ရရှိရေးဆောင်ရွက်မည့်လုပ်ငန်း စီမံချက်၊ ကျောင်းဝင်းပြင်ပ လျှပ်စစ်လုပ်ငန်းများနှင့် မင်းတပ်ကောလိပ် ပေါင်းစုတည်ဆောက် ခြင်းလုပ်ငန်း ၂၀၂၀-၂၀၂၁ အဆိုပြုရန်ပုံငွေဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ကောလိပ်ပေါင်းစုဝင်း အတွင်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေထွက်မှ ရေသွယ်ယူဖြန့် ဝေခြင်းကို အချိန်မီ ဆောင်ရွက်သွားရေး၊ လမ်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ အစိုးရနည်းပညာနှင့် သက်မွေးပညာ သိပ္ပံအတွင်းစာ သင်ဆောင် ဆောက်လုပ်နိုင်ရေးအဝင်လမ်းဖောက်လုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်ရေးနှင့် ကောလိပ်ပေါင်းစုဝင်းအတွင်းရှိ တည်ဆောက်မှုများနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ရန် ဆောင်ရွက်ရေးတို့ကိုမှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ်စာသင်ဆောင် ဆောက်လုပ်နေမှု အားကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စာသင်ဆောင်သည် အလျား - ၂၀၈ ပေ၊ အနံ ၃၈ ပေ ရှိပြီး သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၆၃၂ ဒသမ ၃၂ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မတူပီမြို့နယ်ရှိ လည်မျိုတံတား ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးထက်၊ ဦးဝီကောနှင့် အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းတို့က တည်ဆောက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ တံတားသည် မင်းတပ် - မတူပီ လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ပေ - ၂၄၀ ၊ အကျယ် ပေ - ၃၀ နှင့် ၆ လက်မ ရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ သည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲ ရုံသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်း က ချင်းပြည်နယ်အတွင်း တည်ဆောက် ပြီးစီးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေများ၊ တည်ဆောက်လျှက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေများ၊ ချင်းပြည်နယ်အတွင်း ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ သည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ အတွင်း ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဓာတ်အားခွဲရံဖွင့်လှစ်နိုင်ခဲ့သဖြင့် မတူပီမြို့သို့ မဟာ ဓာတ်အားလိုင်းစနစ်မှ ၂၀၂၀ ပြည်နှစ် ဇွန်လ ၂၁ ရက်တွင် လျှပ်စစ် ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်ခဲ့မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြကြောင်း သိရ သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် မတူပီမြို့ ဘုံတလာခန်းမ၌ မတူပီမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတ က မိမိတို့အစိုးရ သက်တမ်းကာလအတွင်း မတူပီမြို့ သို့ ၄ ကြိမ်မြောက်လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကို လက်တွေ့ကျကျမြင်တွေ့နိုင်ရန် လာရောက်ရခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ နှင့် ဒေသခံပြည်သူတို့၏ အသံများကို ကြားသိနိုင်ရန် လာရောက်ရခြင်းလည်းဖြစ်ပါကြောင်း၊ မတူပီမြို့၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို မြင်တွေ့ရသည့်အတွက် များစွာဂုဏ်ယူ မိပါကြောင်း၊ လေကြောင်းဆက်သွယ်ရေးအနေဖြင့် လိုင်လင်းပီလေယာဉ် ကွင်းတည်ဆောက် မှုသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မတူပီမြို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် အတွက် မဟာဓာတ်အားလိုင်းမှ ဖြည့်ဆည်းပေးနိုင်ပြီဖြစ်ပါကြောင်း၊ မတူပီမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
ကိုဗစ် - ၁၉ ကပ်ရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုးရွားစွာကြုံတွေ့ နေကြ ရပါကြောင်း၊ ကပ်ရောဂါ၏ စိန်ခေါ်မှုမှာကြီးမားပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါ နှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ လိုက်နာကျင့်သုံးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ စိုးရိမ်မှုလွန်ကဲရန် မလို အပ်ပါကြောင်း၊ အဆိုပါရောဂါကို အစိုးရနှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ကိုယ်စီ အသိတရားများဖြင့် ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း။
အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင် တစ်ကြိမ်သာ ပါဝင်ခွင့်ရသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့ရရှိသည့် ဆန္ဒမဲပေးခြင်းအခွင့်အရေးကို လက်လွှတ် ဆုံးရှုံးမခံကြစေလိုပါကြောင်း၊ မဲစာရင်းများ မှန်ကန်ရေးအတွက် ပူးပေါင်ဆောင်ရွက်ကြစေ လိုပါကြောင်း။
နိုင်ငံတော်အစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရအား တတ်အားသရွေ့ ပြန်လည်အထောက်အကူပေးနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချင်းပြည် နယ်အတွင်း နယ်မြေ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် ဈေးကွက်ဝင် ``၀´´ ဥ၊ ကော်ဖီနှင့် ထောပတ် စသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စီးပွားဖြစ် ဖြစ်ထွန်း အောင်မြင်အောင် တစိုက်မတ်မတ်အားထုတ် ကြိုးပမ်းဆောင်ရွက်သွား ကြရ မည်ဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ် ဓာတ်အားထုတ်ယူနိုင်သည့် အခြေအနေ ကောင်းများရှိသည့်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂဝပ် ၄၀၀၀ အထိ ထုတ်လုပ်နိုင်သည်ဟု လေ့လာဆန်းစစ်ချက်များအရ သိရှိရပါကြောင်း၊ အဆိုပါ လျှပ်စစ် ဓာတ်အားထုတ်လုပ် ရရှိနိုင်မည်ဆိုပါက ပြည်နယ်တွင်း လျှပ်စစ်ဓာတ်အားလိုအပ် ချက်ဖြည့် ပေးနိုင်မည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေး ငွေများရရှိနိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ မတူပီမြို့၏ ဖွံ့ဖြိုးတိုးတက် မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ စေတနာမေတ္တာများကို မြင်တွေ့နိုင်ပါကြောင်း၊ နိုင်ငံ အတွက် ဒေသဖွံ့ဖြိုးရေးအတွက် မိမိအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်ပေးနိုင်မည်နည်း ဆိုသည်ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးထန်ကျင်း က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် မတူပီ မြို့နယ်အတွင်းစက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်ပေးနိုင်ရေး၊ မတူပီပြည်သူ့ဆေးရုံ ကို ခုတင် (၁၀၀) ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ခရိုင်အဆင့်မြို့ဖြစ်သည်နှင့်အညီ ဌာန ဆိုင်ရာ ရုံးများနှင့် ဝန်ထမ်းများဖြည့်ဆည်းပေးနိုင်ရေး၊ ရေဇွာ တိုက်နယ်ဆေးရုံကို (၂၅) ခုတင်ဆံ့ ဆေးရုံ အဖြစ်တိုးမြှင့်ပေးနိုင်ရေး၊ ရေဇွာမြို့အတွက် မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ် ဓာတ်အားရရှိရေး၊ လိုင်လင်းပီမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်လှစ် ပေးနိုင်ရေးနှင့် လုံငိုး တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဝန်ထမ်းများခန့်ထားပေးနိုင်ရေး တို့ကိုလည်းကောင်း၊ မြို့မိမြို့ဖ ဦးတိတ်မင်း က ပလက်၀မြို့နယ်ရှိဝန်ထမ်းများအား မူရင်းလစာ၏ (၂) ဆခံစားခွင့် ပြုပေးနိုင်ရေး၊ Multi – Purpose Shelter (၂) ထပ်ဆောင် ဆောက်လုပ်ပေးနိုင်ရေး၊ ပလက်၀ မြို့ ဆေးရုံအား ခုတင်(၁၀၀) ဆေးရုံအဖြစ် အဆင့်တိုး မြှင့်ပေးနိုင်ရေးနှင့် တိုက်ပွဲရှောင်ပြည်သူ များအား နေရာချထားပေးနိုင်ရေး တို့ကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီးယို၊ ဦးပေါင်လွန်မင်းထန် နှင့် ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကိုဗစ် - ၁၉ ကာလအတွင်း မတူပီမြို့နယ် တွင် စေတနာဝန်ထမ်း Volunteer ထမ်းဆောင် ခဲ့သူများအား ထောက်ပံ့ငွေများပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးတင်မြင့် က မတူပီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး က အဆောက်အဦဆိုင်ရာအချက်အလက်များ၊ ဆောက်လုပ်လျက်ရှိ သည့် လုပ်ငန်းအခြေ အနေများ နှင့် ထပ်မံလိုအပ်သည့် ရန်ပုံငွေဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါအဆောက်အဦသည် အလျားပေ-၁၂၀၊ အနံပေ - ၁၃၆ ၊ အမြင့် ပေ - ၄၀ ရှိပြီး သံကူကွန်ကရစ် (၃) ထပ်အဆောက်အဦဖြစ်ကြောင်းသိရသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား မင်းတပ်မြို့ လမ်းဦးစီးဌာန ဧည့်ရိပ်သာ၌ တွေ့ဆုံသည်။