ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) သို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသား အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြ သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းကော်မတီ(၆)ခုမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှကိုယ်စားလှယ်၊ ပုဂ္ဂလိကစီးပွား ရေး အဖွဲ့အစည်းများမှကိုယ်စားလှယ်၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက် ဆွေးနွေးကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတက အမျိုးသားအဆင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ၏ လေးနှစ်ကျော် ကာလ အတွင်းအစည်းအဝေး (၉)ကြိမ် ကျင်းပခဲ့ရာဆုံးဖြတ်ချက် စုစုပေါင်း (၁၂၁)ချက် အနက် ဆောင်ရွက်ပြီး(၇၂)ချက်၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် ဆောင်ရွက်ဆဲ (၄၉)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေဖြစ်သည့်အတွက် အမြန်ပြီးစီးရေးအချိန်ကာလသတ်မှတ်ကာ ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ စနစ်တကျစီမံမှုမရှိသည့်မြို့ပြများ၊ စက်မှုဇုန် များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံ တိုးချဲ့မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှု များပြားစေသည့်အပြင် ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောပြုန်းတီးစေခြင်း၊ တောရိုင်း တိရစ္ဆာန်များ၏ နေရင်းဒေသများပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျင်မြန်စေခြင်း တို့အပါအဝင် လူသားများ၏ လုပ်ဆောင်မှုများသည် သဘာဝတရား၏ ဟန်ချက်ညီမျှမှုကို ပြိုကွဲပျက်စီးစေသည့်အပြင် သက်ရှိများ၏ ရှင်သန်ရပ်တည်မှုနှင့် နိုင်ငံ၏ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်း ခြောက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက်ယိုယွင်းပျက်စီးမှုများ ကို ရှောင်ရှားနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့်သဘာဝဂေဟစနစ် ရေရှည်တည်တံ့ ကောင်းမွန် စေရေးအတွက် ထိရောက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အဓိကဦးစားပေးတစ်ရပ်အနေဖြင့် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုသည်မှာ လက်ရှိကာလတွင်သာမဟုတ်ဘဲ မိမိတို့၏ အနာဂတ်သားစဉ်မြေးဆက်များကို ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်အတွက်ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်၍ မိမိတို့ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှုကော်မတီတို့အနေဖြင့် ထိုတာဝန်ကို ဆောင်ရွက်နေရခြင်းသည် အလွန်ဂုဏ်ယူ စရာဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းတာဝန်များ နှင့်ပတ်သက်၍ နိုင်ငံတော်က ချမှတ် ထားသည့် ပတ်ဝန်းကျင် ရေးရာမူဝါဒ၊ ဆက်စပ် မဟာဗျူဟာပင်မလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ တကာ စံချိန်စံညွှန်း အလေ့အကျင့် ကောင်းများနှင့်အညီ ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးပါကြောင်း။

ကော်မတီ၏ ထူးခြားသည့် အောင်မြင်မှုအနေနှင့် နိုင်ငံတော်က ထုတ်ပြန်ထား သည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များအောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မြန်မာ နိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ “မဟာဗျူဟာ’’ နှင့် “ပင်မ လုပ်ငန်း အစီအစဉ်” ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာ ဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုအပိုင်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မ လုပ်ငန်းစဉ်များမှာ သတ်မှတ်ထားသော အခြေခံကျသည့် လမ်းညွှန်မူဘောင်များနှင့် အညီ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ ပတ်ဝန်း ကျင်ဆိုင်ရာ အစီအမံတွေကို ပေါင်းစပ်ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများ ရရှိနေပြီ ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများ သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်များဖြစ်သည်နှင့်အညီ အရေးကြီးသည့် နယ်ပယ်သစ် များကိုလည်း ဖော်ထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် “သဘာဝသယံဇာတ များ ရေရှည်တည်တံ့စေရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလုပ်ငန်း များကြောင့် ဖြစ်လာ သည့် လေထုညစ်ညမ်းမှုကိုထိန်းချုပ်ရေး၊ ပလပ်စတစ်အမှိုက်များထိန်းချုပ်ရေး၊ လူများ၏ ကျန်းမာရေးကိုထိခိုက်စေမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများထိန်းချုပ်ရေး” စသည့် နယ်ပယ်များအတွက်ရေရှည်အစီအမံများဆက်လက်ရေးဆွဲချမှတ် အကောင်အထည်ဖော် နိုင်ရေးကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ချမှတ်ခြင်းသာမက ဝန်ကြီး ဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေနှင့် လက်တွေ့ နယ်ပယ်အသီးသီးမှာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အလေးပေးဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချနိုင်မှာဖြစ်ပြီး မိမိတို့ မျှော်မှန်းသည့် သန့်ရှင်းသည့်ပတ်ဝန်းကျင်၊ ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းထားနိုင်ခြင်းအားဖြင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်းကိုရရှိမှာဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်သည့်နေရာမှာ ပိုမိုထိရောက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူ များအနေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် အသိပညာပေးခြင်းကို အဓိကလုပ်ငန်းတစ်ခု အနေဖြင့် အမြဲမပြတ် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်၊ လိုင်စင် ထုတ်ပေးထားသည့် လုပ်ငန်းစီမံကိန်းများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး ကြပ်မတ် အရေးယူဆောင်ရွက် သွားကြရန်လည်း လိုအပ်ပါကြောင်း။

ထို့အပြင် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ် ထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် အစီအမံများရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို နည်းပညာနှင့် ဘဏ္ဍာငွေ အထောက်အပံ့ ရရှိရေးအတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်သွားဖို့ တိုက်တွန်းလိုပါကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှု ကော်မတီများ၏ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ကြီးကြပ်ဆောင်ရွက်နိုင်မှုများ ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်လာသည်ကိုတွေ့ရ သည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ဆက်လက်ပြီး လက်တွေ့ ကျသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပတ်ဝန်းကျင် ဆိုင်ရာနယ်ပယ်သစ်များဖော်ထုတ်၍ ရေရှည်အစီအမံများ ၊ မဟာဗျူဟာ မူဘောင်များ ဆက်လက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ “အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မူဝါဒမူဘောင်”၊ “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ မူဘောင်”၊ “ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုပင်မလုပ်ငန်းအစီအစဉ်၊” “ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျော ညီထွေရေးဆ်ိုင်ရာနိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်” တို့ကို ယနေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ရေးဝိုင်းဝန်းဆွေး နွေးပေးစေလိုပါကြောင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်၊ ရာသီဥတု ပြောင်းလဲမှုကိုလျှော့ချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကိုစနစ် တကျ စီမံနိုင်ရေးအတွက် နိုင်ငံတော်မှချမှတ်ထားပြီးဖြစ်သည့် မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကိုကဏ္ဍအလိုက်၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်တွင် ထည့်သွင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင် ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟိုကော်မတီ နဝမအကြိမ်ညှိနှိုင်းအစည်း အဝေးမှဆွေးနွေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းကော် မတီများမှ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိ်န်းသိမ်းရေးအစီအမံများကို ပေါင်းစပ် ဆောင်ရွက် နိုင်မှုအခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန်အဆိုပြုတင်ပြချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအပြီးသတ် ထုတ်ပြန်နိုင် ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်နေမှုများ၊ လက်ကိုင် Chainsaw သုံးစွဲမှုများအား ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှုအခြေ အနေများ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးဒါရှီလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမျိုးသစ်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်း တို့က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးစိုးဟန်၊ ဦးဇော်သန်းသင်း၊ ဦးခိုင်ထွန်းဦး၊ ဦးရဲနိုင်၊ ဦးကိုကိုလွင်၊ ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊ ဦးသန်းဇော်၊ ဦးမြင့်လွင်နှင့် ဦးရွှေလေး၊ ညွန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးမောင်မောင်ကျော်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံ သစ်တောအသင်းအတွင်းရေးမှူး ဦးတင်အေး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာ့ပတ်ဝန်း ကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးနှင့် ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရန်ပုံငွေတိုးမြှင့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းစွန့်ပစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိ်မ်းရေးနှင့် ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆ်ိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏ ဒသမအကြိမ်ညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်များကိုတင်ပြပြီး အစည်းအဝေးတက်ရောက်သူအားလုံး၏ သဘောတူ ညီချက်အရ အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၆)ချက်ကို အတည်ပြုချမှတ်ခဲ့သည်။

ထို့နောက် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတ က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။