မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား လေးသန်းကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တော ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား လေးသန်းကျော်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း ဦးစီးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် ညနေ ၆ နာရီခန့်တွင် မောင်တောမြို့နယ် ဗောဓိကုန်းစစ်ဆေးရေးစခန်း၌ အလယ်သံကျော်ကျေးရွာမှ မောင်တောမြို့ဘက်သို့ မောင်းနှင် လာသည့် ကလူကာအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်၌ သံဃာနှစ်ပါးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀၀ ကိုရှာဖွေတွေ့ရှိခဲ့သည်။

ကွင်းဆက်သတင်းအရ ယင်းနေ့ ည ၇ နာရီခန့်တွင်မောင်တောမြို့နယ်ရှိ ရွှေဗဟိုလ်ကျောင်းကို ဆက်လက်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၃၄၂၅၀ ကို လည်းကောင်း၊ ကျောင်းဧည့်ဆောင်ရှိ မောင်လင်းအောင်ရွှေ နေထိုင်သည့် အခန်းခုတင်ပေါ်မှ ဘူးဖြင့်ထည့်ထား သည့် ၅ ဒသမ ၅၆ကျည် ၅၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၃၉ တောင့်၊ မျက်မှန်အိတ်ဖြင့် ထည့်ထားသည့် ၉၁ လက်ပစ်ဗုံးတစ်လုံးနှငင့် ဖျူးစ်တစ်ခု တို့ကိုလည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၂၄၂၅၀ နှင့် ခဲယမ်းများနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တိမ်းရှောင်နေသူ မောင်လင်းအောင်ရွှေအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။