ပြည်တွင်းနေရပ်စွန့် ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

ပြည်တွင်းနေရပ်စွန့် ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၂၅

ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသား အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန် ၁၁ ခုရှိရာ ယနေ့အစည်းအဝေးမှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ရှိပါကြောင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ယာယီ ခိုလှုံရာစခန်း ၁၂၈ ခုရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်သင့်၍ ထိရောက်သော ပြန်လည်နေရာ ချထားမှုများ လိုအပ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာပါ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး အမှီအခိုကင်းသော ဘဝများ ပြန်လည်တည်ဆောက်နိုင်ရေး အဓိကထား ဆောင်ရွက်ပေး ကြရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာအရ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းပြီး ပြည်နယ်များအလိုက် မတူညီသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရမည် ဖြစ်ကြောင်း၊ အဆင့်ဆင့်ကြီးကြပ်မှု များဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့ အမျိုးသားကော်မတီ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ခြောက်လ တစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အစီရင်ခံတင်ပြကြရမည်ဖြစ် ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ယာယီခိုလှုံရာ စခန်များပိတ်သိမ်းရေးကို မဟာဗျူဟာ မပေါ်ပေါက်ခင်ကပင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုအခါ အမျိုးသားအဆင့် ကော်မတီ ပေါ်ပေါက်လာပြီဖြစ်၍ ဆက်လက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်များတွင် ဖွဲ့စည်းထားသော ဆက်စပ် ကော်မတီများ၊ လုပ်ငန်းကော်မတီ များနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းများကိုလည်း ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် များစွာ ဆက်စပ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှုများ ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုလည်း တင်ပြဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာ ဖိအားများစွာရှိနေပါ ကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ အခွင့်အရေးများကို လျစ်လျူမရှုဘဲ ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော်လည်း ဝေဖန်မှုများ ရှိနေသည့်အတွက် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင် မဟာဗျူဟာကို ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်သူ Professor Walter Kaelin ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းစဉ်များရေးဆွဲရာ တွင် အထောက်အကူဖြစ်စေရန် လုပ်ငန်းစဉ် ရေးဆွဲရေးလမ်းညွှန် (Guide Line) တစ်ခုကို ပူးပေါင်း ညှိနှိုင်း ရေးဆွဲထားပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်များအလိုက် အကောင်အထည်ဖော်ကြမည့် တာဝန် ရှိသူများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များပါ စံချိန်စံညွှန်းများနှင့်အညီ ပုံစံတကျ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပုံစံတကျ ဆောင်ရွက်ထားပါက အခက်အခဲ၊ စိန်ခေါ်မှုများရှိလာပါက ဖြေရှင်းရ လွယ်ကူမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ လုပ်ငန်းစီမံချက်များရေးဆွဲရန် အထောက် အကူပြုမည့် လမ်းညွှန်ချက် (Guide Line) ရေးဆွဲထားမှုနှင့်ပတ်သက်၍ ပိတ်သိမ်းရမည့်စခန်းများ သတ်မှတ် ခြင်း၊ ယာယီခိုလှုံရာစခန်းတွင် နေထိုင်သူများ၏ အချက်အလက် များကိုပြုစုခြင်းနှင့် ကနဦးဆန်းစစ် ချက်ဆောင်ရွက်ခြင်း၊ ပြန်လည်နေရာ ချထားရန် နေရာများရွေးချယ်ရာတွင် မူလနေရပ်ပြန်ခြင်း၊ နေရာသစ်သို့ ရွှေ့ပြောင်းခြင်း၊ ဒေသအတွင်း ပေါင်းစည်း နေထိုင်ခြင်းတို့တွင် နေရပ်စွန့်ခွာသူများ၏ သဘောထားများနှင့်အညီ ဆန်းစစ်ဆောင်ရွက်ခြင်း၊ ရှင်းလင်းညှိနှိုင်း တိုင်ပင်ဆွေးနွေးခြင်း နှင့် လုပ်ငန်းစီမံချက်များ၏ ဖွဲ့စည်းပုံ နှင့် ပါဝင်သင့်သည့် အကြောင်းအရာ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက် နိုင်မည့်အခြေအနေနှင့် ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမည့် အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ခံ တက်ရောက်လာကြသူများက ယာယီ ခိုလှုံရာစခန်းတွင် နေထိုင်သူများ၏ အချက်အလက်များကို ပြုစုခြင်းနှင့် ကနဦးဆန်းစစ်ချက် ဆောင်ရွက်ခြင်း လုပ်ငန်းအတွက် လူမှုဖြစ်ရပ် စီမံ ခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့်ပုံစံ နှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပါက အစီရင်ခံ တင်ပြနိုင်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်မည့် ဘဏ္ဍာငွေ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက် တိုးတက်မှုကို နိုင်ငံတကာက သိရှိနိုင်စေရန် နိုင်ငံပိုင်မီဒီယာများသာမက ပြည်တွင်းပုဂ္ဂလိကနှင့် ပြည်ပမီဒီယာများမှတစ်ဆင့် သတင်းဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက အချက်အလက်အမှန်များ သိရှိစေရန် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဤလုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းဖြစ်၍ နိုင်ငံတကာ၏ အပြုသဘောဆောင်သော ပူးပေါင်း ပံ့ပိုးကူညီမှုများ ရယူနိုင်ခြင်း ကိစ္စများ ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်စကားပြောကြား ရာတွင် ပြည်နယ်အလိုက် ကော်မတီ အဆင့်ဆင့်များအနေဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု များကို သုံးလတစ်ကြိမ် အမျိုးသား အဆင့်ကော်မတီသို့ အစီရင်ခံတင်ပြ ကြရန်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည် ဖော်ရာတွင် ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအတွက် COVID- 19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် လိုကြောင်း၊ အသိ ပညာပေးဖြန့်ဝေမှုများလည်း ဆောင် ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ချက်များ၊ မေတ္တာရပ်ခံချက်များကိုလည်း လေ့လာသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။