လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေရပ်စွန့်ခွာသူ (IDP)စခန်းများတွင် COVID-19 ကူးစက်မြန်ကပ်ရောဂါဆိုင်ရာ ပညာပေးခြင်းနှင့် ထောက်ပံ့မှုများ စတင်ဆောင်ရွက်

Printer-friendly versionSend by email

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေရပ်စွန့်ခွာသူ (IDP)စခန်းများတွင် COVID-19 ကူးစက်မြန်ကပ်ရောဂါဆိုင်ရာ ပညာပေးခြင်းနှင့် ထောက်ပံ့မှုများ စတင်ဆောင်ရွက်

 

နေပြည်တော် မတ် ၂၈

Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ(IDP)များအား ရောဂါကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ(IDP)များ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များ၊ COVID-19 ရောဂါဖြစ်ပွားလျှင် ခံစားရသော ရောဂါလက္ခဏာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို ရှင်းလင်းခြင်း၊ လိုက်နာဆောင်ရွက် ပေးကြရန်နှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခြင်း၊ ပညာပေး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ပြည်တွင်းနေရပ်စွန့်ခွာသူများ နေထိုင်ကြသည့် ယာယီခိုလှုံရာ စခန်းများဖြစ်သော ကချင်ပြည်နယ်ရှိ ယာယီ ခိုလှုံရာ စခန်း ကိုးခု၊ ရှမ်းပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း ငါးခု၊ ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း နှစ်ခုနှင့် ကရင် ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်းနှစ်ခု စုစုပေါင်း စခန်း၁၈ခုတို့တွင် ယနေ့မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် နိုင်ငံတကာလူသားချင်းစာနာ ကူညီမှုနှင့် ကာကွယ်စောင့်ရှောက် ပေးမှု ဆိုင်ရာ စံချိန်စံညွှန်းများ၊ Inter-Agency Standing Committee က စခန်းတွင်နေထိုင် ကြသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ထားသော အချက်အလက်များကို ထည့်သွင်း၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ကြိုတင် ပြင်ဆင်ရေးစီမံချက်(မူကြမ်း)တစ်ခုကို ရေးဆွဲထားပြီး ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ်ရာ ထိုစီမံချက်ကို အကောင်အထည်ဖော်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ရန်တာဝန်ရှိသော အသိပညာပေးလုပ်ငန်းများ၊ ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထုကြား ဆောင်ရွက်ခြင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရောဂါကူးစက်ခံရမှုနှင့် ရောဂါ ပြန့်ပွားမှုမရှိစေရေး ပြည်သူများလိုက်နာ ကျင့်သုံးရမည့်အချက်များကို ဝန်ထမ်းများ ကိုယ်တိုင် သိရှိနားလည်ကြပြီး ပြည်သူများအကြားတွင် စံနမူနာပြ ဆောင်ရွက်ရန်လည်း တာဝန်ရှိသူဝန်ထမ်းများအား တိုက်တွန်းအသိပေးထားပြီး လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။