ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများနှင့် ဆွေးနွေး

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများနှင့် ဆွေးနွေး

 

နေပြည်တော် မတ် ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့ နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း ၂၄ မြို့နယ်၊ စခန်း စုစုပေါင်း ၁၂၈ ခုမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁၈၄,၃၃၃ ဦး နေထိုင်လျက် ရှိပါကြောင်း၊ အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့်အခို အကာ၊ စားရေရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသောအသက်မွေး ဝမ်းကျောင်းကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ် ကြီးကြပ်မှု၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုနှင့် စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စခန်းများမှာနေထိုင်ကြသော ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါဘေးနှင့်စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီမံချက်တစ်ခုကိုရေးဆွဲထားပြီးဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် နိုင်ငံတကာ လူသားချင်းစာနာကူညီမှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှုဆိုင်ရာ စံချိန်စံညွှန်းများ၊ Inter-Agency Standing Committee က စခန်းတွင် နေထိုင်ကြသူများအတွက် COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့် ကြားဖြတ်လမ်းညွှန်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ထားပါကြောင်း၊ ယခုရေးဆွဲထားသည့် စီမံချက်မှာ လည်း လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်ကာလပေါ်မူတည်ပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်သည့် (Living Document) တစ်ခုဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် စခန်းများတွင်နေထိုင်ကြသည့် နေရပ်စွန့်ခွာသူများအကြား COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများတိုးပွား စေရန်၊ စခန်းများတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အစီအမံများ ကြိုတင်ချမှတ် ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရာတွင် ဆက်စပ်ပတ်သက်သူ(Stakeholders) များအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန် စသည့် ရည်ရွယ်ချက် ()ခုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် COVID-19 ကူးစက်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရေး၊ COVID-19 ရောဂါ လက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံများထားရေး၊ စီမံချက် အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရင်းအမြစ်များရရှိရေး၊ စီမံခန့်ခွဲရေး နှင့် ညှိနှိုင်းပေါင်းစပ်ရေး၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး သတင်း အချက်အလက်အပေါ် အခြေခံသောစီမံခန့်ခွဲမှုတွင် စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခု Video Conferencing တွင် ယာယီခိုလှုံရာစခန်းများ တည်ရှိသည့် ပြည်နယ်()ခုမှ ဦးစီးမှူးများ ပါဝင်သည့်အတွက် လက်တွေ့မြေပြင် ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါပြန့်ပွားမှု တားဆီး ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ စခန်းစီမံခန့်ခွဲမှု ကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးရာတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက COVID-19 ကူးစက်ရောဂါ တားဆီး ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးပါဝင်အောင် အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့်ပဋိပက္ခဒေသများတွင် နေထိုင်နေကြရသူများ၊ နေရပ်စွန့်ခွာရသူ များနှင့် ထိခိုက်လွယ်လူအုပ်စုများအားလုံးကို ထည့်သွင်းစဉ်းစားပေးရန်လို အပ်ပါကြောင်း၊ မိမိတို့ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့်လည်း အဆိုပါ ဒေသများရှိ အမှန်တကယ်လိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အဆိုပါနေရာဒေသများအတွက်ပါ မြန်မာနိုင်ငံ အစိုးရဘက်က ဆောင်ရွက်ပေးခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့ဘက်က သွားရောက်နိုင်သည့် စခန်းများတွင်လည်း COVID-19 နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခြင်း၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ တွင် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဘက်ကလည်း အစိုးရနှင့်မည်သို့ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို လေ့လာဆန်းစစ်နေပါကြောင်း၊ အစိုးရဘက်က သတင်းအချက်အလက်များ မျှဝေပေးမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ဆောင်ရွက်ချက်များကို အခြားအဖွဲ့အစည်းများအား ပြန်လည်အသိပေး မည်ဖြစ်ပါကြောင်း၊ လူသားချင်း စာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်နေရာများသို့ ရောက်အောင် သွားနိုင်ရန် အရေးကြီးသကဲ့သို့ အဆိုပါနေရာများတွင် ကူးစက်ရောဂါဖြစ်ပွားပါက အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေညွှန်ကြားရေးမှူးက နေရပ်စွန့်ခွာသူများ၏ စခန်းများတွင် COVID-19 ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို ကူညီထောက်ပံ့ ပေးနိုင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ တာဝန် ရှိသူက Quarantine Facility လိုအပ်ချက်များကို ပံ့ပိုးနိုင်ကြောင်း၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က နေရပ်စွန့်ခွာသူများအတွင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ညွှန်းပို့ခြင်း လုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ် ထောက်ပံ့ကြေးပေးအပ်သည့် အစီအစဉ်နှင့် Shock Responsive Social Protection လုပ်ငန်းများကို တိုးမြှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူက COVID-19 နှင့်ပတ်သက်၍ နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ကိစ္စရပ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ ကိုယ်စားလှယ်က ဘေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းများ၊ ကပ်ရောဂါဘေးကြောင့် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်လေ့လာခြင်း၊ ဘေးလွန်ကာလလိုအပ်ချက် ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်ပေး လိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် UNOCHA မှ တာဝန်ရှိသူက COVID-19 နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို Website ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က တိုက်ပွဲရှောင်စခန်းများရှိ ထိခိုက် လွယ်အုပ်စုတွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေ ရသူများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် လိုအပ်သည့်အာဟာရ ဖြည့်ဆည်းပေးခြင်း နှင့် ထောက်ပံ့မှုများကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ချမှတ်ထားသော လုပ်ငန်းစဉ်များအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို မတ် ၁၃ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါကော်မတီ၏ အတည်ပြုချက်ဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် MoU လက်မှတ် ရေးထိုး၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မတ် ၁၈ ရက်တွင် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအနေဖြင့် ပြင်ပမှ COVID -19 ရောဂါပိုး ကူးစက်ဝင်ရောက် ပြန့်ပွားခြင်းမခံရစေရန် ကြိုတင်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ နိုင်ငံအတွင်း၌ COVID- 19 ရောဂါပြန့်ပွားခြင်းကို ကာကွယ်ရန် ရောဂါကူးစက်ဖြစ်ပွားနေသောနိုင်ငံမှ ဝင်ရောက်လာသူထံတွင် လည်းကောင်း၊ နိုင်ငံအတွင်းရှိ သံသယလူနာထံတွင်လည်းကောင်း၊ ရောဂါကို ဓာတ်ခွဲအတည်ပြု စစ်ဆေးတွေ့ရှိရပါက အဆိုပါပုဂ္ဂိုလ်နှင့် အတူနေထိုင်သူများ၊ ထိတွေ့ဆက်ဆံခဲ့ သူများကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ဖြစ်ပွားနေသည့်အခြေအနေကို လည်းကောင်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ရှာဖွေစစ်ဆေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ လမ်းညွှန်ချက်ရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် စခန်းနေသူတစ်ဦးချင်း၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ယခုရေးဆွဲထားသော ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူ(IDP)များတွင် COVID -19 ရောဂါ တားဆီးကာကွယ်ရေးစီမံချက်မူကြမ်းကို ယနေ့ဆွေးနွေးချက်များပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ စခန်းအလိုက် လိုအပ်ချက်များအရ လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။