ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆေးအဖွဲ့များအား လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

Printer-friendly versionSend by email

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆေးအဖွဲ့များအား လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

နေပြည်တော် မေ ၁၂

တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား နိုင်ငံအတွင်း နယ်မြေဒေသအသီးသီး၌ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မဟာကံကြီးရှင်ဘုရားတို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း။

ယင်းသို့ဆောင်ရွက်ပေးနေမှုများနှင့် ကျောက်တော်မြို့တွင်း လုံခြုံရေးကို ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များ မြို့တွင်းမှ အခြေပြုနေရာသို့ ပြန်လည်ထွက်ခွာလာရာ ကစ္စပနဒီတံတား အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိစဉ် AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များက ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၏ ညာဘက်လမ်းပခုံးတွင် ထောင်ထားသည့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း။

တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အမျိုးသားအရေး၊ နိုင်ငံ့အရေးအဖြစ် သတ်မှတ်၍ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာခြင်းသည် လက်မခံနိုင်ဖွယ်ရာဖြစ်ကြောင်းနှင့် ဒေသခံများ၏အကျိုးအတွက် ဆောင်ရွက်မှုများကို နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်း ရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။