စစ်တွေ - ရေချမ်းပြင် ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း တစ်လုံးပေါက်ကွဲမှုဖြစ်ပွား

Printer-friendly versionSend by email

စစ်တွေ - ရေချမ်းပြင် ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း တစ်လုံးပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ဇွန် ၂၈

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ စစ်တွေ - ရေချမ်းပြင်သွား ကားလမ်း၌ ယမန်နေ့က AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲပြီး ဒေသန္တရလက်လုပ်ရီမုမိုင်းငါးလုံးကို တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်၌ AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ဖော်ထုတ်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒေသန္တရလက်လုပ်ရီမုမိုင်းငါးလုံး ဖော်ထုတ်ရရှိခဲ့ကြောင်း။

စစ်တွေ - ရေချမ်းပြင်သွား ကားလမ်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့ခဲ့သဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များဖြင့် လိုက်လံရှင်းလင်း ဖော်ထုတ်ခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းဖော်ထုတ်စဉ် စစ်တွေမြို့ နည်းပညာ ကောလိပ်(GTC)ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွား ကားလမ်း၏ ဝဲ၊ ယာဘက်ခြမ်းများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း နှစ်လုံး တွေ့ရှိခဲ့သဖြင့် ရှင်းလင်းဆောင်ရွက်စဉ် ကားလမ်း၏ ယာဘက်ခြမ်းရှိ ဒေသန္တရလက်လုပ်ရီမုမိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိကြောင်းနှင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်း သုံးလုံး ထပ်မံတွေ့ရှိပြီး သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ကာ ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် စံညှင်းကျေးရွာနေ မနန်းစုသည် ကျေးရွာအနီး ကဏန်းထောင်ရန်သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် တစ်မိုင်ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်း သူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း တစ်လုံး နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။