အရာရှိ၊ စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက် AA အကြမ်းဖက်သောင်းကျန်းသူ တစ်ဦးအား အသေဖမ်းဆီးရမိ

Printer-friendly versionSend by email

အရာရှိ၊ စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက် AA အကြမ်းဖက်သောင်းကျန်းသူ တစ်ဦးအား အသေဖမ်းဆီးရမိ



နေပြည်တော် ဇူလိုင် ၁

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ ထွက်ခွာလာသော တပ်မတော်ယာဉ်တန်းတစ်ခုကို ယမန်နေ့ နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့ တပ်မတော်မော်တော် ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော- ကျောက်ဖြူသွားကားလမ်းပေါ်ရှိ သစ်သားတံတားအနီးအရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးလိုက်ပါလာသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တပ်မတော်သားများက စနစ်တကျ လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းတစ်လောင်းကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းဖြစ်စဉ် နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး နှစ်ဦးအား လည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦး အား လိုအပ်သည်များ ဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများ ဆောင်ရွက်လျက်ရှိစဉ် ဇွန် ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွား ကားလမ်းပေါ်၌ ကပ်သပြေကျေးရွာတွင် နေထိုင်သော AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ခုနစ်ဦးကို မသင်္ကာဖွယ် အထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိကြောင်းလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။