တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီး တောင်ကုတ်- မအီ ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

Printer-friendly versionSend by email

တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီး တောင်ကုတ်- မအီ ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

နေပြည်တော် ဇူလိုင် ၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွား ကားလမ်း၌ ယမန်နေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူလေးဦးသည် ဒေသန္တရမိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီး တောင်ကုတ်- မအီသွားကားလမ်း၌ ယမန်နေ့နံနက် ၁ နာရီခန့်တွင် မိုင်းပေါက်ကွဲသံကြားရသဖြင့် နံနက် ၇ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ အမျိုးသားလေးဦး လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များမှတစ်ဆင့်သတင်းပို့ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့်နေရာတွင် အမျိုးသားလေးဦးမှာ ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင်တစ်ဝိုက်အား အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်းလေးလက်မ၊ အလျားခြောက်လက်မခန့်ရှိ ကွန်ကြူပိုက်အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်းလေးလုံးနှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီသွား ကားလမ်းတွင် ဒေသတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရလက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အကြမ်းဖက် သောင်းကျန်းသူအလောင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။