ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ထားခြင်းနှင့် စပ်လျဉ်း၍ ယင်းသို့ အင်တာနက်ပိတ်ထားခြင်းသည် ထိခိုက်ခံစားနေရသည့် နေရာများတွင် နေထိုင်ကြသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်နေရသော ပြည်သူများအတွက် အသက်အန္တရာယ်ရှိနိုင်သည် ဟုဆိုကာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားမှုအချို့ရှိသည်။

အေအေသောင်းကျန်းသူများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန်လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ (၈) မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁) မြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂၀-၆-၂၀၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်အား ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နှင့်အညီ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းညွှန်ကြားချက်သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝ မြို့နယ်များအတွက်သာ အကျုံးဝင်သည်။ သို့သော် မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့် စာသားသတင်းတိုများ ပေးပို့ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ အေအေ သောင်းကျန်းသူများက လက်လုပ်မိုင်းနှင့် အဝေးထိန်းမြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများအကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများ ရှိနေသဖြင့် အဆိုပါလုပ်ရပ်များမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်းဖြစ်သည်။ အေအေအနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားစေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပဋိပက္ခအခြေအနေများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့လာရသဖြင့် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝမြို့နယ် (၅) မြို့နယ် ၌ အင်တာနက် ဝန်ဆောင်မှုများကို ပြန်ဖွင့်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အေအေ၏ အကြမ်းဖက်လုပ်ရပ်များ ပြန်လည်မြင့်တက်လာခြင်းကြောင့် အင်တာနက်ကို ထပ်မံ ယာယီ ဖြတ်တောက်ခဲ့ရသည်။ အခြေအနေများ တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်ပြန်လည် ရရှိလာမည်ဖြစ်သည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ မေလမှ စတင်၍ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိနေပြီဖြစ်ပါသည်။

အင်တာနက်ယာယီဖြတ်တောက်မှုသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာအစိုးရ၏ “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ကြိုးပမ်းမှုများကို အဟန့်အတားမဖြစ်စေရန် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘေးဒဏ်သင့်ဒေသများတွင် နေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အသိုက်အဝန်းများအားလုံးထံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ အသိပညာပေးမှုနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစတင်၍ အင်တာနက် ယာယီဖြတ်တောက်ထားသည့်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စာသားသတင်းတိုပေးပို့မှု (SMS) အခမဲ့ဝန်ဆောင်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အသိပညာပေး သတင်းအချက်အလက်များကို အစိုးရကဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးဝန်းကျင်ရှိ အဓိကပြည်တွင်းစွန့်ခွာသူများစခန်းများ အားလုံးတွင်လည်း အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းမရှိဘဲ ရရှိအသုံးပြုနိုင်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ကလည်း အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို ထိရောက်စွာကူညီပံ့ပိုးလျက်ရှိပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် အသိုက်အဝန်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ် စသည့် (၉) မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလအလယ်မှစတင်၍ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့သည် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးတွင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူပြုရေးအတွက် ICRC ၏ လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့သည်။

ပြည်သူများအား အေအေ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်မှ အကာအကွယ်ပေးရေးအတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် “မည်သူ့ကိုမျှချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ထိခိုက်ခံစားလွယ်သူများ အပါအဝင် ပြည်သူအားလုံး အကျိုးခံစားခွင့် ရရှိစေးရေးအတွက်လည်းကောင်း အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သောအစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။