ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်များ၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား လူလေးဦးက ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွား

Printer-friendly versionSend by email

ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်များ၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား လူလေးဦးက ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွား

နေပြည်တော် ဇူလိုင် ၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်များ၏ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာများအား လူလေးဦးက ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်း မြို့ စံပြရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန်းနုအေး၏ နေအိမ်သို့ ဇူလိုင် ၆ ရက် ည ၁၂ နာရီခွဲခန့် တွင် လူလေးဦး ရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်၍ ၎င်း၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား ယူဆောင်သွားကြောင်း။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် ည ၁၂ နာရီခွဲခန့်တွင် ဒေါ်သန်းနုအေးသည် ၎င်း၏နေအိမ်တွင် ရှစ်နှစ်အရွယ် သားဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်ထားသည့် လူလေးဦးခန့်က အိမ်တံခါးဖျက်၍ ဝင်ရောက်လာပြီး ဒေါ်သန်းနုအေးနှင့် သားဖြစ်သူတို့ ၏လည်ပင်းအား ဓားဖြင့်ထောက်ကာ နားကပ်တစ်ရံ၊ တစ်ကျပ်သားလက်ကောက် သုံးကွင်း၊ တစ်ကျပ်သားခန့်ဆွဲကြိုး တစ်ကုံး၊ တစ်မတ်သားလက်စွပ် နှစ်ကွင်းနှင့် ငါးမူးသားလက်စွပ် တစ်ကွင်း (စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၃၈ သိန်းခန့်) အား ယူဆောင်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးအား ချုပ်နှောင်ထားရှိခဲ့ကြောင်းနှင့် ၎င်း၏ အမျိုးသားဖြစ်သူမှာ စစ်တွေမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ အခွင့်ကောင်းယူ လာရောက်ခြိမ်းခြောက် ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။