တောင်ပြို - မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ

Printer-friendly versionSend by email

တောင်ပြို - မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ

နေပြည်တော် ဇူလိုင် ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရိန်းကျေးရွာ၏အနောက်ဘက် မီတာ ၁၂၀၀ အကွာ တောင်ပြို - မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်း တံတားအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားမှာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ တောင်ပြို - မောင်တော ကားလမ်းပေါ်ရှိ ငှက်ပျောချောင်း တံတားအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့သဖြင့် ယမန်နေ့နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် တံတားအောက်ခံရက်မ သုံးချောင်းအက်ကွဲခြင်း၊ ကမ်းကပ်ခုံ အနည်းငယ် ပျက်စီးခြင်း၊ တံတားကြမ်းခင်းအကျယ် သုံးပေပတ်လည်ခန့် ကတ္တရာများ ပဲ့ထွက်ပျက်စီးခြင်းများတွေ့ရှိရပြီး ဖြစ်စဉ်နေရာတစ်ဝိုက်မှ ပေါက်ကွဲပြီးဖြစ်သည့် လက်လုပ်မိုင်းသံစများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ယခုအထိ အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။