စစ်တွေ-ရေချမ်းပြင် ကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းနှစ်လုံး ဖော်ထုတ်ရှင်းလင်း

Printer-friendly versionSend by email

စစ်တွေ-ရေချမ်းပြင် ကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းနှစ်လုံး ဖော်ထုတ်ရှင်းလင်း

နေပြည်တော် ဇူလိုင် ၁၁

ရခိုင်ပြည်နယ် စစ်တွေ-ရေချမ်းပြင် ကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသန္တရ လက်လုပ် ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ဖော်ထုတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရေချမ်းပြင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၇၀ အကွာ နည်းပညာကောလိပ် (GTC)ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း နှစ်လုံး ဖော်ထုတ်ရရှိကြောင်း၊ ရှင်းလင်း ဖော်ထုတ်ရရှိခဲ့သည့် ဒေသန္တရ လက်လုပ် ရီမုမိုင်း နှစ်လုံးကို ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်း စေရေးအတွက် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ အလားတူ ဇွန် ၂၇ ရက်တွင်လည်း စစ်တွေ-ရေချမ်းပြင် ကားလမ်းပေါ်ရှိ နည်းပညာကောလိပ် (GTC)အနီးဝန်းကျင်၌ ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သိရှိရသဖြင့် တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရ လက်လုပ်ရီမုမိုင်း တစ်လုံး ပေါက်ကွဲကာ မိုင်းငါးလုံး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့၌ ဒေသတည်ငြိမ်အေးချမ်းမှုမရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရေးရည်ရွယ်၍ အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်းများပေါ်တွင် ယခုကဲ့သို့ မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။