AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ နှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ နှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

နေပြည်တော် ဩဂုတ် ၁

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကဇူးကိုင်း-ဒါးလက်သွား လမ်း၌ ယာဉ်ဝင်/ထွက် စစ်ဆေးနေစဉ် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ဂျိတ်ချောင်းကျေးရွာမှ အမ်းမြို့သို့ ဂျိတ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်တွင် မိုင်းထိဒဏ်ရာရ လူနာတစ်ဦး ပါရှိလာသဖြင့် စစ်ဆေးမေးမြန်းခဲ့ကြောင်း။

စုံစမ်းမေးမြန်းချက်များအရ ဂျိတ်ချောင်းကျေးရွာနေ ဦးမောင်တင်သည် ဂျိတ်ချောင်းရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် တညင်းခြံသို့ ဇူလိုင် ၂၉ ရက်တွင် တညင်းသီးခူးရန်သွားစဉ် AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိသေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်အထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသဖြင့် မြေးတော်စပ်သူ သက်နိုင်စိုးနှင့် အတူ ရွာသား ခုနစ်ဦးခန့်က လိုက်လံရှာဖွေခဲ့ပြီး မိုင်းနင်းမိသေဆုံးသူ အဘိုးဖြစ်သူအလောင်းအား သယ်ယူရန် ပြင်ဆင်စဉ် သက်နိုင်စိုးမှာ မိုင်းတစ်လုံးအား ထပ်မံနင်းမိသေဆုံးခဲ့ကာ တစ်ရွာတည်းနေ ဦးဆန်းဝင်းမှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းမိုင်းစထိမှန်ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော် ဆေးရုံတွင် လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကားလမ်းများ၊ ကျေးရွာချင်းဆက် လူသွားလမ်းများနှင့် ကျေးရွာများအနီး မိုင်းထောင်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်မှုများကြောင့် ဇွန် ၂၇ ရက်ထိ အရပ်သား မိုင်းနင်းမိသေဆုံးသူ ၁၈ ဦး နှင့် ဒဏ်ရာရရှိသူ ၅၇ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။