မောင်တောမြို့နယ် အငူမော်-မောင်တော ကားလမ်းပေါ်၌မော်တော်ယာဉ် တစ်စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့်ပစ်ခတ်

Printer-friendly versionSend by email

မောင်တောမြို့နယ် အငူမော်-မောင်တော ကားလမ်းပေါ်၌မော်တော်ယာဉ် တစ်စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့်ပစ်ခတ်

နေပြည်တော် ဩဂုတ် ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မော်တော်ယာဉ်တစ်စီးအား AA အကြမ်းဖက် သောင်းကျန်းသူများက ယမန်နေ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မောင်းနှင်နေသည့် မော်တော်ယာဉ်တစ်စီးအား ယမန်နေ့ ညပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာနေ ဦးအောင်မျိုးသန့်(ခ)ညီပုချေသည် တစ်ရွာတည်းနေ ဦးသန်းဝင်းနှင့်အတူ ယမန်နေ့ ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် SURF အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်တောမြို့ ၃ မိုင်လမ်းဆုံမှ ခရီးသည်တစ်ဦးအား တင်ဆောင်၍ အင်းဒင်ကျေးရွာသို့ ပို့ဆောင်ပြီး အငူမော် - မောင်တော ကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် မြင်းလွတ်ကျေးရွာအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအောင်မျိုးသန့်တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာနှင့် ဦးသန်းဝင်းတွင် ကားလေကာမှန်ကွဲစ စိုက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး မော်တော်ယာဉ်တွင်လည်း လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ကြောင်း။

အဆိုပါ ဒဏ်ရာရရှိသူများအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။