ကျောက်တော်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်

Printer-friendly versionSend by email

ကျောက်တော်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်

နေပြည်တော် စက်တင်ဘာ ၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ကျောက်တော်မြို့အတွင်း လုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝရဲကင်းစခန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ ဝင်များအား ပို့ဆောင်စဉ် ညနေ ၆ နာရီခွဲခန့်၌ ရန်ကုန်- စစ်တွေ ကားလမ်း တောင်ပေါက်ကျေးရွာအနီးသို့ ရောက်ရှိရာ AA အကြမ်းဖက် သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရီမုမိုင်း တစ်လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိကြောင်း။

ယင်းဖြစ်စဉ်ဖြစ်ပွားသည့်နေရာတစ်ဝိုက်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိစဉ် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏အရှေ့ဘက်မှ ရီမုမိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ည ၉ နာရီခန့်တွင် ၎င်းနေရာအနီး တစ်ဝိုက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူများမှာ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း။

ဖြစ်စဉ်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း နှစ်လောင်းအား M-22 သေနတ် တစ်လက်၊ ပလတ်စတစ်ဘူးဖြင့်ပြုလုပ်ထားသည့် အချင်း ၄ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ အရပ်သားအယောင်ဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။