မောင်တောမြို့နယ် သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပျောက်ဆုံး

Printer-friendly versionSend by email

မောင်တောမြို့နယ် သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပျောက်ဆုံး

 

နေပြည်တော် စက်တင်ဘာ ၈

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးပျောက်ဆုံးပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် သရက်အုပ်ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်းတို့ နှစ်ဦးမှာ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ၎င်းတို့၏လစာငွေများအား မိသားစုထံသို့ ပေးပို့ရန်အတွက် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းများနှင့်အတူ ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့ကြောင်း။

 

ယင်းပျောက်ဆုံးရဲတပ်သား နှစ်ဦးအား ရှာဖွေခဲ့ရာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှ ရဲတပ်သား ဇေယျာမျိုးအား လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း။

 

ထိုသို့ ရဲတပ်သားအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျန်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရှာဖွေတွေ့ရှိရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများဆောင်ရွက်လျက်ရှိကြောင်း၊ ပဏာမစုံစမ်းချက်အရ AA နှင့် ARSA အကြမ်းဖက်လက်နက်ကိုင်အုပ်စုမှ အလစ်အငိုက် ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။