မောင်တောမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးပို့လှူဒါန်း

Printer-friendly versionSend by email

မောင်တောမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးပို့လှူဒါန်း

မောင်တော စက်တင်ဘာ ၂၆

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။

အခမ်းအနားတွင် ကမ္ဘောဇဘဏ် (မောင်တော) ဘဏ်ခွဲမန်နေဂျာ ဦးကိုကိုသန်းနှင့် ဝန်ထမ်းများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူ ပြုပစ္စည်းများဖြစ်သည့် ဆေးရုံသုံး နှာခေါင်းစည်း ၅၀၀၀၀၊ ခေါင်းစွပ် ၁၀၀၀၊ မျက်နှာအကာ ၃၀၀၊ လက်အိတ် ၁၀၀၀၊ လက်သန့်ဆေးရည်ဘူးကြီး ၂၀၀၊ မျက်မှန် ၃၀၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၅၀ နှင့် မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံ ကြီးအတွက် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေ အသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၁၀၀ တို့ကို ဆေးရုံအစည်းအဝေးခန်းမ၌ပေးအပ်လှူဒါန်းရာ မောင်တော ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ထိရောက်လျင်မြန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည် ဧပြီလမှစတင်ကာ ပြည်နယ်အတွင်းရှိ အခြေခံပြည်သူများ အတွက် ဆန်အိတ် ၁၀၀၀ နှင့် ပြည်သူ့ ဆေးရုံ၊ တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ ဩဂုတ် ၂၄ ရက်တွင် ရခိုင်ပြည်နယ်၌ Facility Quarantine ဝင်ရောက်နေကြသည့် စောင့်ကြည့်လူနာများအနက်မှ နေ့စဉ် စားသောက်စားရိတ် ခက်ခဲနေသည့် ပြည်သူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၃၀၀ ကို လည်းကောင်း၊ ဩဂုတ် ၂၆ ရက်တွင် Air KBZ အရေးပေါ်ကယ်ဆယ် ရေးအထူးလေယာဉ်ဖြင့် ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ ကာကွယ်ရေးအထောက် အကူပြုပစ္စည်း ခုနစ်မျိုးကို လည်းကောင်း၊ စက်တင်ဘာ ၈ ရက်တွင် မြောက်ဦးမြို့နှင့် စက်တင်ဘာ ၁၈ ရက်တွင် ကျောက်ဖြူမြို့များရှိ ခရိုင်ပြည်သူ့ဆေးရုံများသို့ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများနှင့် ကိုဗစ်ကာလ အထွေထွေအသုံးပြု နိုင်ရန် ငွေကျပ်သိန်း ၁၀၀ စီတို့ကို လည်ကောင်း ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။