ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့ရှိ သီလရှင်ကျောင်းများသို့ ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း

Printer-friendly versionSend by email
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့ရှိ သီလရှင်ကျောင်းများသို့ ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း
 
စစ်တွေ အောက်တိုဘာ ၁၂
 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက် အမ္ဗာရာမသာသနာ့နွယ်ဝင် သီလရှင်ပရိယတ္တိစာသင်တိုက်သို့ ဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။
 
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ္ဗာရာမသာသနာ့နွယ်ဝင် သီလရှင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက စူဠအာဘိဓမ္မိကမဇ္ဈိမအာဘိဓမ္မိက ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဒေါ်အဂ္ဂစာရီအား ဖူးမြော်ပြီး ဆွမ်းနှင့် ကျန်းမာရေး အခြေအနေများ လျှောက်ထားသည်။
 
ထို့နောက် သီလရှင် ၁၈ ပါးတို့အတွက် ခြောက်ပြည်ဝင် ဆန် ၁၈ အိတ်၊ ဆပ်ပြာမှုန့် ၁၈ ထုပ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် ဝတ္ထုငွေများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပဓာနနာယကဆရာကြီးထံ လှူဒါန်းခဲ့ကြသည်။ ထို့အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက် ၃၈ ကျောင်းရှိ သီလရှင်အပါး ၃၂၀ တို့အတွက် ဆန်အိတ် ၈၀ ကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
 
ကိုဗစ်-၁၉ ရောဂါကာလ စစ်တွေမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များ အေးချမ်းသာယာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆန်နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိရာ စစ်တွေမြို့ ကျောင်းတိုက်အသီးအသီးရှိ သံဃာတော်များအား ဆန်အိတ်တစ်ထောင်ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။